
ထိုက်စံ (NP News) - နိုဝင်ဘာ ၉
အိန္ဒိယ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် အသေးစားဖွံ့ဖြိုးမှုစီမံကိန်းပါ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၉ ရက်)၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် အသေးစားဖွံ့ဖြိုးမှုစီမံကိန်း (Small Development Projects-SDP) အရ Upgrading Existing School for Home Science, Bahan Township, Yangon စီမံကိန်းနှင့် Supply of Machinery and Equipment to 11 Home Science Schools စီမံကိန်း (၂) ခုပါ လုပ်ငန်းများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့် ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာကျောင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့် အိမ်တွင်းမှုကျောင်း (၁၁) ကျောင်းသို့ စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် စီမံကိန်းတို့၏ လုပ်ငန်းဆောင်ရွက်မှု ဂုဏ်ပြု Video မှတ်တမ်းကို ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများသည် အသေးစားဖွံ့ဖြိုးမှုစီမံကိန်း (SDP) လုပ်ငန်း (၂) ခုအရ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ အဆင့်မြှင့်တင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပံ့ပိုးပေးခဲ့သည့် အဆောက်အဦ အသစ်ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ပို့ချသင်ကြားနေမှုများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။