NP News

ပြည်ပပို့ကုန်ရငွေကို နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိခွင့် (၄၅) ရက်အထိ တိုးမြှင့်သတ်မှတ်

စော (NP News) - နိုဝင်ဘာ ၉

ပြည်ပပို့ကုန်ရငွေသတ်မှတ်ချက်အတိုင်း ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိခွင့်ရက် (၄၅)ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့(နိုဝင်ဘာ ၉ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်း သို့ နိုင်ငံခြားငွေဖြင့် ယင်းတို့၏ ဘဏ်ငွေစာရင်းသို့ဝင်ရောက်ရမည်ဟု နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၃၈ -ခ) တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်၊ ဩဂုတ်လ (၁၆)ရက် စာအမှတ်၊ အက်ဖ်အီး-၁/ ပက/ ၁၉၅၆ ဖြင့် ပို့ကုန်ရငွေအား ပုဂ္ဂလိက နိုင်ငံခြားငွေစာရင်းတွင် ရက်(၃၀)ထားရှိခွင့်ကို သတ်မှတ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင် သုံးစွဲနိုင်မည့်ပမာဏကို ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင်ထားရှိနိုင်သည့် ရက်(၃၀)အစား (၄၅) ရက်အထိ တိုးမြှင့်ခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင်သုံးစွဲနိုင်မည့်ပမာဏအား ဘဏ်စာရင်းတွင်ထားရှိနိုင်သည့် ရက်ကို တိုးမြှင့်ပေးခြင်း သည် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ ပြည်ပသို့ငွေပေးချေခြင်းများကို ဆောင်ရွက်ရာတွင် လုံလောက်သည့်အချိန်ရရှိရန်၊ ပို့ကုန်၊ သွင်းကုန်အတွက် နိုင်ငံခြားငွေလုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေရန်နှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News