NP News

ကရင်ပြည်နယ်နေ့ ပွဲတော်အခမ်းအနား ကျင်းပသည့်ရက်ကို ထပ်မံ တိုးမြှင့်

ထိုက်စံ (NP News) - နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပနေသော (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော် ရက်ကို ထပ်မံ တိုးမြှင့်ထားကြောင်း ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ နီးစပ်သူများထံက သိရသည်။
အဆိုပါ ပွဲတော်အခမ်းအနားကို ပြီးခဲ့သည့် နိုဝင်ဘာလ (၅) ရက်တွင် စတင် ကျင်းပနေခြင်းဖြစ်ပြီး ပွဲတော်လာသူ များပြားခြင်းကြောင့် ပွဲတော်ရက်ကို တိုးမြှင့်ထားခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

ပွဲတော်ရက်ကို နိုဝင်ဘာလ (၁၁) ရက်အထိ တိုးမြှင့်ထားခြင်းဖြစ်ပြီး အစားအသောက်များ၊ ဖျော်ဖြေရေးများ၊ ဒုံးယိမ်းပြိုင်ပွဲများလည်း ပါဝင်ခြင်းဖြစ်သည်။
ပွဲတော်နှင့်ပတ်သက်၍ ထပ်မံ ချဲ့ထွင် တည်ဆောက်ခြင်းများလည်း ရှိနေပြီး NP News သတင်းဌာနအနေဖြင့် နိုဝင်ဘာလ (၆) ရက်တွင်ရောက်ရှိစဉ်က ပရိသတ်များပြားကြောင်း မြင်ရပြီး ပရိသတ်များက ဒုံးယိမ်းပြိုင်ပွဲများကိုလည်း အထူးစိတ်ဝင်စား အားပေးကြသည်ကို မြင်ရသည်။

မူရင်းသတင်း — NP News