Yangon Media Group

တစ်ပတ်ကို Energy Drink တစ်ဘူးလောက်ပဲ သောက်တာတောင် ကလေးတွေရဲ့ ဦးနှောက်ကိုထိခိုက်စေနိုင်

#World_Health
Published 09 November 2026

■ အသက် ၁၆ နှစ်အောက် ကလေးတွေကို Energy Drink ရောင်းချမှု ပိတ်ပင်ဖို့ ပြင်ဆင်နေချိန်မှာ လေ့လာမှုအသစ်တစ်ခုက ကဖိန်းဓာတ်ပါတဲ့ အချိုရည်တွေဟာ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ အိပ်စက်မှုနဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ဖော်ပြလာပါတယ်။ 

■ Energy Drink ကို တစ်ပတ်မှာ တစ်ဘူးလောက်ပဲ သောက်တဲ့ ကလေးတွေမှာတောင် ဦးနှောက်ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ ကွာခြားမှုတွေ စတင်တွေ့ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

■ ကဖိန်းဓာတ် ပမာဏအနည်းငယ်လောက်ပဲ စားသုံးမိတာတောင် ကလေးတွေရဲ့ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

■ ဗြိတိန်နိုင်ငံမှာ ဆယ်ကျော်သက် ၃ ပုံ ၂ ပုံလောက်ဟာ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ကဖိန်းဓာတ်ပါတဲ့ အဖျော်ယမကာတွေ သောက်သုံးနေကြတယ်လို့ ခန့်မှန်းထားပါတယ်။

■ ကလေး ၁၀,၀၀၀ နီးပါးကို လေ့လာခဲ့တာပါ

■ အမေရိကန်နိုင်ငံမှာ အသက် ၉ နှစ်၊ ၁၀ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေး ၉,၆၃၂ ဦးရဲ့ ဦးနှောက် MRI ဓာတ်ပုံတွေနဲ့ နေထိုင်မှုပုံစံဆိုင်ရာ အချက်အလက်တွေကို King's College London မှ သုတေသီတွေက လေ့လာခဲ့ကြပါတယ်။

■ လေ့လာမှုမှာ တွေ့ရှိချက်တွေအရ ကဖိန်းဓာတ် ပိုမိုစားသုံးတဲ့ ကလေးတွေမှာ ဦးနှောက်ရဲ့ နေရာ ၂၂ ခုမှာ အပြင်ဘက်မျက်နှာပြင်ဧရိယာ (Brain Surface Area) ပိုမိုနည်းပါးနေတာကို တွေ့ရှိခဲ့ပါတယ်။

■ ဒါ့အပြင် ၆ လအကြာမှာလည်း ကဖိန်းဓာတ်စားသုံးတဲ့ ကလေးတွေဟာ -
■ အိပ်ချိန် ပိုနည်းလာခြင်း။
■ စိတ်ခံစားမှု မတည်ငြိမ်ခြင်း။
■ အာရုံစူးစိုက်မှု အားနည်းလာခြင်း။
■ အပြုအမူဆိုင်ရာ ပြဿနာတွေ ပိုမိုတွေ့ရခြင်း။
စတဲ့ အခြေအနေတွေကို ကဖိန်းဓာတ်မစားသုံးတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရာမှာ တွေ့ရှိခဲ့ရပါတယ်။

■ ဒီကလေးအများစုဟာ ကဖိန်းဓာတ်ကို Energy Drink တွေကနေ ရရှိကြတာဖြစ်ပေမဲ့ လက်ဖက်ရည်နဲ့ ကော်ဖီတွေမှာလည်း ကဖိန်းဓာတ် ပါဝင်ပါတယ်။

■ တစ်ပတ်ကို တစ်ခွက်လောက်ကတည်းက ကွာခြားမှုတွေ စတင်တွေ့ရတယ်လို့ ဆို
ဒီသုတေသနကို Biological Psychiatry: Cognitive Neuroscience and Neuroimaging ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

■ သုတေသီတွေကတော့ ကလေးတွေဟာ တစ်ပတ်ကို တစ်ခွက်လောက် စတင်သောက်သုံးတဲ့အချိန်ကတည်းက ကွာခြားမှုတွေ စတင်ပေါ်လာတာကို တွေ့ရှိခဲ့ရတယ်လို့ ရေးသားထားပါတယ်။

■ သုတေသီတွေရဲ့ အမြင်အရ အိပ်ရေးမဝခြင်းဟာ ဦးနှောက်နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

■ ဒါပေမဲ့ ကဖိန်းဓာတ်ကြောင့်ပဲ ဒီပြဿနာတွေ ဖြစ်လာတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

■ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Divyangana Rakesh က -
"ကဖိန်းဓာတ်ဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အလွန်ပုံမှန်တွေ့နေကျ အရာတစ်ခုဖြစ်နေတော့ ကလေးငယ်တွေပါ စားသုံးနေကြတယ်ဆိုတာကို မေ့လျော့သွားတတ်ကြပါတယ်။ ဒါ့အပြင် လူငယ်တွေမှာ ကဖိန်းဓာတ်စားသုံးမှုကိုလည်း ထိန်းချုပ်မှု အားနည်းနေပါတယ်။

■ ကျွန်မတို့ရဲ့ လေ့လာမှုအရ ကဖိန်းဓာတ်ကို ပမာဏနည်းနည်းလောက်ပဲ စားသုံးတာတောင် ဦးနှောက်ဖွဲ့စည်းပုံဆိုင်ရာ ကွာခြားမှုတွေနဲ့ နောက်ပိုင်းမှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာခြင်းတို့နဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။

■ ဒါကြောင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးအကြောင်း စဉ်းစားတဲ့အခါ အချိုရည်တွေကနေ ရရှိတဲ့ ကဖိန်းဓာတ်ပမာဏနဲ့ အိပ်စက်မှုအခြေအနေတွေကိုပါ အလေးထားစောင့်ကြည့်ဖို့ လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

■ ကဖိန်းဓာတ်များရင် ဘာတွေဖြစ်နိုင်သလဲ။

■ ယခင်လေ့လာမှုတွေမှာလည်း ကဖိန်းဓာတ်ကို ပမာဏများများ စားသုံးခြင်းဟာ အောက်ပါပြဿနာတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ဖော်ပြထားပါတယ်။

■ စိုးရိမ်ပူပန်မှု ပိုများလာခြင်း။
■ သွေးပေါင်ချိန် မြင့်တက်ခြင်း။
■ နှလုံးခုန်နှုန်း မမှန်ခြင်း။
■ အိပ်မပျော်ခြင်းနဲ့ အိပ်စက်မှု အရည်အသွေးကျဆင်းခြင်း။

■ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးတွေအတွက် ဒီအချက်တွေကို မိဘတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။

■ Energy Drink ရောင်းချမှုကို ပိတ်ပင်ဖို့ ပြင်ဆင်နေတဲ့ ဗြိတိန်ဗြိတိန်နိုင်ငံမှာတော့ အသက် ၁၆ နှစ်အောက် ကလေးတွေကို ကဖိန်းဓာတ်ပါတဲ့ Energy Drink တွေ ရောင်းချခွင့်ကို လာမယ့် ဧပြီလကစပြီး ပိတ်ပင်ဖို့ စီစဉ်ထားပါတယ်။

■ သတင်းမှာဖော်ပြထားတဲ့ ခန့်မှန်းချက်အရ ဗြိတိန်က ကလေး ၁၀၀,၀၀၀ လောက်ဟာ Energy Drink တွေကို နေ့တိုင်းသောက်သုံးနေကြပြီး ဆယ်ကျော်သက် ၃ ပုံ ၂ ပုံလောက်ကလည်း တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ကဖိန်းဓာတ် စားသုံးနေကြပါတယ်။

■ တစ်ဖက်မှာတော့ British Soft Drinks Association ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီလေ့လာမှုအပေါ် သဘောထားမှတ်ချက်ပေးရာမှာ - "ကမ္ဘာ့ထိပ်တန်း အစားအသောက်ဘေးကင်းရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ အကြံပြုချက်အတွင်း ကဖိန်းဓာတ်ကို စားသုံးမယ်ဆိုရင် ဆယ်ကျော်သက်တွေအပါအဝင် လူတွေအတွက် ဘေးကင်းတယ်လို့ အကြိမ်ကြိမ်အတည်ပြုထားပြီးဖြစ်ပါတယ်။

■ ဒီလေ့လာမှုက အမေရိကန်ကလေးတွေမှာ ကဖိန်းဓာတ်စားသုံးမှုနဲ့ ဦးနှောက်ဖွဲ့စည်းပုံ၊ စိတ်ကျန်းမာရေးဆိုင်ရာ အချက်တွေကြား ဆက်စပ်မှုကိုသာ တွေ့ရှိထားတာဖြစ်ပြီး ကဖိန်းဓာတ်ကြောင့် ဒီလိုပြဿနာတွေ ဖြစ်လာတယ်ဆိုတာကို သက်သေမပြနိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

■ ဒီလေ့လာမှုက Energy Drink တွေကို ကလေးတွေ သောက်သုံးတာနဲ့ပတ်သက်ပြီး သတိထားဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

■ အထူးသဖြင့် -
■ ကလေးတွေကို Energy Drink ဝယ်သောက်တဲ့ အလေ့အကျင့် မဖြစ်စေပါနဲ့။
■ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖိန်းဓာတ်ပါတဲ့ အချိုရည်တွေကိုလည်း သတိထားပါ။
■ ညဘက် အိပ်ချိန်မှန်ဖို့ ဂရုစိုက်ပေးပါ။
■ ကလေးတွေ အိပ်မပျော်တာ၊ အာရုံစူးစိုက်ရခက်တာ၊ စိတ်အပြောင်းအလဲများတာတွေ ရှိ၊ မရှိ စောင့်ကြည့်ပေးပါ။

■ အရေးကြီးဆုံးအချက်ကတော့ ဒီလေ့လာမှုဟာ ကဖိန်းဓာတ်နဲ့ ဦးနှောက်ဖွဲ့စည်းပုံ၊ စိတ်ကျန်းမာရေးကြား ဆက်စပ်မှုကို ဖော်ပြထားတာသာဖြစ်ပြီး Energy Drink တစ်ဘူးသောက်ရုံနဲ့ ကလေးတစ်ယောက်ရဲ့ ဦးနှောက် ပျက်စီးသွားတယ်လို့ အတည်ပြုထားတာ မဟုတ်ပါဘူး။

■ ဒါပေမဲ့ ကလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် မလိုအပ်တဲ့ ကဖိန်းဓာတ်စားသုံးမှုကို လျှော့ချပြီး ကျန်းမာတဲ့ အိပ်စက်မှုနဲ့ နေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးတာက ပိုကောင်းပါတယ်။

Source-The US Sun

မူရင်းသတင်း — Yangon Media Group