Yangon Media Group

နေ့တိုင်း ကော်ဖီသောက်တာက အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်သလား

#World_Health
Published 09 November 2026

■ နေ့တိုင်း ကော်ဖီတစ်ခွက်ပြီးတစ်ခွက် သောက်လေ့ရှိတဲ့ အမျိုးသမီးတွေအနေနဲ့တော့ နောက်တစ်ခွက် ထပ်သောက်မယ့်အချိန်မှာ နည်းနည်းလောက် ပြန်စဉ်းစားသင့်ပါပြီ။ ဒါမှမဟုတ် ကော်ဖီအစား လက်ဖက်ရည်လေး ပြောင်းသောက်ကြည့်ဖို့လည်း စဉ်းစားနိုင်ပါတယ်။

■ ဩစတြေးလျနိုင်ငံ Flinders University မှ သုတေသီတွေဟာ Nutrients ဂျာနယ်မှာ လေ့လာမှုတစ်ခု ထုတ်ဝေခဲ့ပြီး ကော်ဖီအများကြီးသောက်ခြင်းဟာ သွေးဆုံးပြီး အသက်ကြီးပိုင်း အမျိုးသမီးတွေရဲ့ အရိုးသိပ်သည်းဆ လျော့နည်းခြင်းနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

■ ဘယ်လိုလေ့လာခဲ့ကြတာလဲ။

■ သုတေသီတွေဟာ အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးပေါင်း ၉,၇၀၄ ဦးရဲ့ ကော်ဖီနဲ့ လက်ဖက်ရည်သောက်သုံးမှုကို ၁၀ နှစ်ကြာ လေ့လာခဲ့ကြပါတယ်။

■ အဲဒီကာလအတွင်း အမျိုးသမီးတွေရဲ့ တင်ပါးဆုံရိုးနဲ့ ပေါင်ရိုးအပေါ်ပိုင်း တို့ရဲ့ အရိုးသိပ်သည်းဆကိုလည်း တိုင်းတာစစ်ဆေးခဲ့ပါတယ်။

■ ဒီနေရာတွေဟာ အရိုးပွရောဂါကြောင့် အရိုးကျိုးလွယ်တဲ့ နေရာတွေဖြစ်ပါတယ်။
လေ့လာမှုရလဒ်တွေအရ-လက်ဖက်ရည်သောက်သူတွေမှာ တင်ပါးဆုံရိုးရဲ့ အရိုးသိပ်သည်းဆ ပိုကောင်းတာကို တွေ့ရှိခဲ့ပါတယ်။

■ တစ်နေ့ကို ကော်ဖီ ၅ ခွက်ထက်ပိုသောက်သူတွေမှာ အရိုးသိပ်သည်းဆ လျော့နည်းတာကို တွေ့ခဲ့ရပါတယ်။

■ တစ်နေ့ကို ကော်ဖီ ၂ ခွက်ကနေ ၃ ခွက်အထိ သောက်သူတွေမှာတော့ အရိုးကျန်းမာရေးအပေါ် ဆိုးကျိုးရှိတယ်ဆိုတဲ့ ဆက်စပ်မှုကို မတွေ့ရှိခဲ့ပါဘူး။

■ ဒါကြောင့် ကော်ဖီကို ပုံမှန်သင့်တင့်တဲ့ပမာဏ သောက်သုံးတာနဲ့ အလွန်အကျွံသောက်သုံးတာဟာ မတူညီဘူးဆိုတာ သတိပြုဖို့လိုပါတယ်။

■ အမျိုးသမီးတွေ ဘာကြောင့်အရိုးပွရောဂါပိုဖြစ်လွယ်တာလဲ။

■ သုတေသီတွေရဲ့ အဆိုအရ အရိုးသိပ်သည်းဆ လျော့နည်းလာတဲ့ အရိုးပွရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ အရေးကြီးတဲ့ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်နေပါတယ်။

■ ကမ္ဘာတစ်ဝန်း အသက် ၅၀ ကျော်သူတွေထဲမှာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်နဲ့ အမျိုးသား ၅ ယောက်မှာ ၁ ယောက်ဟာ အရိုးပွရောဂါနဲ့ ဆက်စပ်တဲ့ အရိုးကျိုးမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ လေ့လာမှုမှာဖော်ပြထားပါတယ်။

■ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးထုထည် နည်းပါးတတ်သလို သွေးဆုံးပြီးနောက် အရိုးဆုံးရှုံးမှု ပိုမြန်လာတာကြောင့် အရိုးပွရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

■ အမေရိကန်နိုင်ငံမှာလည်း အသက် ၅၀ ကျော်သူတွေထဲက တင်ပါးဆုံရိုးနဲ့ ကျောရိုးနေရာတွေမှာ အရိုးသိပ်သည်းဆနည်းနေသူ အရေအတွက်ဟာ ၂၀၃၀ ပြည့်နှစ်မှာ နောက်ထပ် ၁၇.၂ သန်းအထိ တိုးလာနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။

■ လက်ဖက်ရည်က အရိုးအတွက် ဘာကြောင့်ကောင်းနိုင်တာလဲ။

■ ဒီလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သုတေသီ Ryan Liu က ScienceDaily ကို ရှင်းပြရာမှာ လက်ဖက်ရည်ထဲမှာ ကြွယ်ဝစွာပါဝင်တဲ့ Catechins လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေဟာ အရိုးအသစ်ဖြစ်ပေါ်မှုကို အားပေးပြီး အရိုးပျက်စီးမှုကို နှေးကွေးစေနိုင်တယ်လို့ ပြောပါတယ်။

■ တစ်ဖက်မှာတော့ ကော်ဖီထဲက Caffeine ဓာတ်ဟာ ဓာတ်ခွဲခန်းလေ့လာမှုတွေအရ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်စုပ်ယူမှုနဲ့ အရိုးဇီဝဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

■ ဒါပေမဲ့ ဒီသက်ရောက်မှုတွေက အနည်းငယ်သာရှိပြီး ကော်ဖီထဲကို နို့ထည့်သောက်ခြင်းဖြင့် တစ်စိတ်တစ်ပိုင်း လျော့ပါးစေနိုင်တယ်လို့ Ryan Liu က ရှင်းပြထားပါတယ်။

■ သူက ဆက်လက်ပြီး -"ဒီလေ့လာမှုရလဒ်ကြောင့် ကော်ဖီကို လုံးဝဖြတ်ပစ်ရမယ်၊ ဒါမှမဟုတ် လက်ဖက်ရည်ကို အများကြီး သောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ဖက်ရည်ကို သင့်တင့်တဲ့ပမာဏ သောက်ပေးတာက အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်သလို ကော်ဖီကို အလွန်အကျွံသောက်တာကလည်း မသင့်တော်နိုင်ပါဘူး။ အထူးသဖြင့် အရက်သောက်သုံးမှုရှိတဲ့ အမျိုးသမီးတွေအတွက် ပိုပြီး သတိထားသင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

■ အရိုးကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ။

■ Lisa Young ကတော့ အရိုးကျန်းမာရေးအတွက် အထိရောက်ဆုံးနည်းလမ်းတွေက -
ကယ်လ်စီယမ် လုံလောက်စွာ စားသုံးပါ။ နို့၊ ဒိန်ချဉ်၊ ငါးသေးသေးလေးတွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

■ Vitamin D လုံလောက်စွာ ရရှိပါစေ။ ကယ်လ်စီယမ်စုပ်ယူမှုအတွက် အရေးကြီးပါတယ်။
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။ လမ်းလျှောက်ခြင်းနဲ့ ကိုယ်အလေးချိန်ကို အသုံးပြုရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ဆေးလိပ်ရှောင်ပါ။အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။

■ ကော်ဖီသောက်တာကို ကြောက်ပြီးလုံးဝဖြတ်ပစ်စရာ မလိုပါဘူး။ တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်လောက် သင့်တင့်စွာ သောက်သုံးတာက ဒီလေ့လာမှုအရ အရိုးကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။

■ ဒါပေမဲ့ တစ်နေ့ကို ၅ ခွက်ထက်ပိုပြီး အလွန်အကျွံသောက်တတ်သူတွေ၊ အထူးသဖြင့် သွေးဆုံးပြီး အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေအနေနဲ့တော့ သောက်သုံးမှုပမာဏကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။

■ အရိုးကျန်းမာရေးအတွက် အရေးကြီးဆုံးကတော့ ကယ်လ်စီယမ်နဲ့ Vitamin D လုံလောက်စွာရရှိဖို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့နဲ့ ကျန်းမာတဲ့နေထိုင်မှုပုံစံကို ထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။

Source-New York Post

မူရင်းသတင်း — Yangon Media Group