Myanmar Digital News

မကွေးတိုင်းဒေသကြီး၌ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

မကွေး နိုဝင်ဘာ ၉

 

ကျန်းမာရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးကျင်းပသည့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရေး အသိပညာပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသည့် ကလေးငယ် ၂၀ ကို ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။

 

ဆောင်ရွက်သွားမည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ စောင့်ကြပ်ကြည့်ရှုရေး အချက်အလက်များအရ ကမ္ဘာတစ်ဝန်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဝက်သက်ရောဂါ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသဖြင့် ရောဂါခုခံနိုင်စွမ်းအား ကွာဟချက်များကို အမြန်ဆုံးဖြည့်ဆည်းရန် လိုအပ်နေခြင်းကြောင့် မိမိတို့ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ကာလ နောက်ဆက်တွဲ ကာကွယ်ဆေးလွှမ်းခြုံမှု လျော့နည်းခဲ့သည့် ကလေးငယ် ခန့်မှန်းခြေ ၁ ဒသမ ၈ သန်းနီးပါးအတွက် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းစဉ်များကို Phase(1) အဖြစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခု၌ ဆောင်ရွက်ခဲ့ပြီး ယခု Phase(2)အဖြစ် မကွေးတိုင်းဒေသကြီး အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြပြီး ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံခြင်းလုပ်ငန်း(၂၀၂၆) စတင် ထိုးနှံခြင်းအထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို Video Clip ဖြင့် ပြသခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News