
နိုဝင်ဘာလ ၅ ရက်နေ့မှာ အီဂျစ်၊ မလေးရှားနဲ့ ဘရာဇီးနိုင်ငံတွေက ဒစ်ဂျစ်တယ် ကြော်ငြာဘုတ်တွေကို ဟက်ကာတွေက ဟက်ပြီး လိင်ပိုင်းဆိုင်ရာ အသားပေး ဗီဒီယိုတွေ ပြသခဲ့ပါတယ်။ အီရတ်နဲ့ တရုတ်နိုင်ငံတွေမှာလည်း အလားတူ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂီဇာမှာ ကိုင်ရိုမြို့ရဲ့ အစည်ကားဆုံး အမြန်လမ်းတွေထဲက တစ်ခုမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေဟာ အဲဒီဗီဒီယို ပြသနေတဲ့ ဧရာမစခရင်ကြီးကို ရပ်ပြီး ဗီဒီယိုရိုက်ကူးခဲ့ကြပါတယ်။ မလေးရှားနဲ့ ဘရာဇီး အာဏာပိုင်တွေကတော့ ပြဿနာဖြစ်ခဲ့တဲ့ စခရင်တွေကို ပိတ်ပစ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

Leakers$ လို့ အမည်ရတဲ့ Telegram အဖွဲ့ကတော့ LED စခရင်တွေဆီ ဒေတာပို့ဖို့ သုံးတဲ့ ဆော့ဖ်ဝဲလ်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူခဲ့တာဖြစ်ပြီး နှစ်နာရီကြာ စကင်န်ဖတ်ရုံနဲ့ လုံခြုံရေးမရှိတဲ့ စနစ်ထောင်ပေါင်းများစွာကို တွေ့ရှိခဲ့တယ်လို့ ဆိုကာ အခုကိစ္စကို သူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဝန်ခံထားပါတယ်။
ဦးနှောက်နည်းနည်းရှိတဲ့ ဘယ်သူမဆို ဒီလိုလုပ်နိုင်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။ တရားဥပဒေကြောင်းအရ အရေးယူမှုတွေ စတင်နေပြီလို့ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီအဖွဲ့ကတော့ ငွေကြေးတောင်းခံဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Ref : Fossbytes