Myanmar Transparency News

ထိုင်းနိုင်ငံတွင် ကက်တမင်းပါဝင်သည့် အီးစီးကရက်နှင့် ရယ်မောခြင်းဓာတ်ငွေ့ရောင်းချသူ တရုတ်နှင့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းမိ

သက်တံ့
၁၀. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် ကတ်တမင်း (Ketamine) မူးယစ်ဆေးပါဝင်သည့် အီးစီးကရက် (Pod K) နှင့် ရယ်မောခြင်းဓာတ်ငွေ့ (Laughing Gas) ဟု လူသိများသော နိုက်ထရပ်စ်အောက်ဆိုက် (Nitrous Oxide) များကို ရောင်းချနေသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးကို နိုဝင်ဘာ ၉ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု The Thaiger က ဖော်ပြသည်။

နောင်ပရူး (Nong Prue) ရဲစခန်းမှ ရဲအရာရှိများသည် ထိုဒေသအတွင်း ကတ်တမင်းပါဝင်သော အီးစီးကရက်များ ရောင်းချနေကြောင်း သတင်းပေးချက်အရ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ သံသယရှိသူ ရောင်းချသူမှာ အသက် ၃၃ နှစ်အရွယ် တရုတ်နိုင်ငံသား ချန်းပင်ကျူးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အရာရှိများသည် ဝယ်ယူသူအဖြစ် ဟန်ဆောင်ကာ ချန်းထံမှ ပစ္စည်းဝယ်ယူရန် ချိန်းဆိုခဲ့သည်။ သို့သော် ချိန်းဆိုထားသည့်နေရာသို့ ပစ္စည်းလာရောက်ပို့ဆောင်သူမှာ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား မျိုးမြင့်ပိုင် ဖြစ်နေခဲ့သည်။

ရဲအရာရှိများသည် မျိုးမြင့်ပိုင်ကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏ လမ်းညွှန်ပြသမှုဖြင့် တရုတ်သံသယရှိသူ နေထိုင်ရာအိမ်သို့ သွားရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ ရောက်ရှိသွားချိန်တွင် ချန်းသည် အခြားပစ္စည်းတစ်ခု ပို့ဆောင်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့က စောင့်ကြည့်စဉ် ၎င်းသည် တောင်ကိုရီးယားနိုင်ငံသား ဝယ်ယူသူတစ်ဦးထံ ရယ်မောစေသည့်ဓာတ်ငွေ့ဘူး နှစ်ဘူး လွှဲပြောင်းပေးနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့နောက် ရဲတပ်ဖွဲ့က မည်သူမည်ဝါဖြစ်ကြောင်း ပြောကြားကာ ချန်းကို အခင်းဖြစ်နေရာ၌ပင် ဖမ်းဆီးခဲ့သည်။ ၎င်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကတ်တမင်းပါဝင်သော အီးစီးကရက် အရည်ပုလင်း ၈၉ ပုလင်း၊ ရယ်မောစေသည့်ဓာတ်ငွေ့ဘူး ၄၉ ဘူးနှင့် မှောင်ခိုသွင်းလာသည့် စီးကရက် ၁၂၇ ကာတွန်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ချန်းက ထိုပစ္စည်းများကို ဘန်ကောက်ရှိ သူငယ်ချင်းတစ်ဦးထံမှ ဝယ်ယူကာ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းသည် ပစ္စည်းများကို အသိမိတ်ဆွေများကိုသာ အဓိကထား ရောင်းချပြီး ခရစ်ပတိုကာရင်စီ (Cryptocurrency) ဖြင့် ငွေလက်ခံလေ့ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပစ္စည်းများကို ဝယ်ယူသူများနှင့် သဘောတူထားသည့် ချိန်းဆိုရာနေရာများတွင် ထားခဲ့ကာ လာရောက်ကောက်ယူစေသည့် နည်းလမ်းကို အသုံးပြုလေ့ရှိကြောင်းလည်း ချန်းက ရဲတပ်ဖွဲ့သို့ ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် မေလကလည်း ပတ္တရားရှိ နေအိမ်တစ်အိမ်ကို ထုတ်လုပ်ရေးစခန်းအဖြစ် အသွင်ပြောင်းလုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးခဲ့ဖူးပြီး သြဂုတ်လတွင် နာကလူးအား (Na Kluea) ၌ ဟန်ဆောင်ဝယ်ယူသည့် စစ်ဆင်ရေးတစ်ခုမှတစ်ဆင့် ထိုင်း-ဥရောပ ကပြားတစ်ဦးကို ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သည့်လကလည်း ဘန်ကောက်တွင် ဗီယက်နမ်နိုင်ငံသား ငါးဦးထံမှ Pod K ဘူးပေါင်း ၃,၂၀၀ ကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး တစ်ဘူးလျှင် ဘတ် ၁,၅၀၀ ခန့်ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

Ref: The Thaiger

မူရင်းသတင်း — Myanmar Transparency News