Myanmar Transparency News

ဘားအံစက်မှုဇုန်၌ ဒေသထွက်ရာဘာကုန်ကြမ်းများကိုအသုံးပြု၍ တစ်နှစ်လျှင် ရာဘာဖိနပ် ဒါဇင် ၁၅၀၀၀၀ ထုတ်လုပ်နိုင်သည့် Thai Fashion စက်ရုံဖွင့်လှစ်


MT News

၁၀. ၁၁. ၂၀၂၆

ကရင်ပြည်နယ်အတွင်းထွက်ရှိသည့် ရာဘာကုန်ကြမ်းများကိုဝယ်ယူပြီး အခြားဓာတုကုန်ကြမ်းများနင့်ရောစပ်၍ တစ်နှစ်လျှင် အရည်အသွေးမြင့်ရာဘာဖိနပ် တစ်သိန်းငါးသောင်းဒါဇင် ထုတ်လုပ်နိုင်သည့် Thai Fashion ရာဘာဖိနပ် ထုတ်လုပ်ရေးစက်ရုံကို ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲ့ကားလမ်းမကြီးဘေး၊ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၁)ရှိ အဆိုပါစက်ရုံတည်နေရာ၌ ကျင်းပခဲ့သည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစက်ရုံကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သန်း ၁၅၀၀ ဖြင့် တည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စက်ရုံ အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စက်ရုံဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားနှင့်ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်တွင် ရာဘာစိုက်ဧက ၂၇၀၀၀၀ ကျော်ရှိသည့်အတွက် ကုန်ကြမ်းထွက်ရှိမှုနှင့်နှိုင်းယှဉ်ပါက တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်မှု နည်းပါးနေသေးပြီး ဘားအံစက်မှုဇုန်ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် လုပ်ငန်းရှင်များက ဆက်လက်၍ စက်ဘီးတာယာ၊ ဆိုင်ကယ်တာယာများ ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ စက်ရုံအတွင်း ဖိနပ်ထုတ်လုပ်ရေးတပ်ဆင် အသုံးပြုထားသော စက်ပစ္စည်းများ၊ ရာဘာဖိနပ်ကုန်ကြမ်းထုတ်လုပ်ရေးအပိုင်းနှင့်ကုန်ချောထုတ်လုပ်ရေးအပိုင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်ဟု သိရသည်။

Ref & Photo MOI

မူရင်းသတင်း — Myanmar Transparency News