
သက်တံ့
၁၀. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ နခွန်စီသမ္မာရတ်ခရိုင်၊ သာစလမြို့နယ်အတွင်း လူနာတစ်ဦးကို ဆေးရုံသို့ တင်ဆောင်လာသည့် လူနာတင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့ရာ သုံးနှစ်အရွယ် ယောကျ်ားလေးငယ် တစ်ဦးအပါအဝင် လူလေးဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အင်္ဂါနေ့ မွန်းလွဲပိုင်းက သတင်းရရှိသည်။
အဆိုပါ မတော်တဆမှုသည် အင်္ဂါနေ့ မွန်းလွဲ ၂ နာရီ ၅၃ မိနစ်ခန့်က မုတ်လန် (Mok Lan) ဌာနဆိုင်ရာ ဒေသန္တရအဖွဲ့က ပြေးဆွဲနေသည့် လူနာတင်ယာဉ်ဖြင့် မုတ်လန်ခွဲ၊ ကျေးရွာအမှတ် (၂) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
CCTV မှတ်တမ်းများအရ မိုးဖွဲဖွဲရွာနေစဉ် လူနာတင်ယာဉ်သည် သာစလဆေးရုံဘက်သို့ အလွန်အမင်း အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်တွင် လည်ထွက်သွားကာ လမ်းဘေးသစ်ပင်ကို အပြင်းအထန် ဝင်တိုက်မိခဲ့သည်။
အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် အရေးပေါ်ဆေးကုသရေးယာဉ်အဖြစ် ပြောင်းလဲအသုံးပြုထားသည့် ခရီးသည်တင် ဗင်ကားမှာ အပြင်းအထန် ပျက်စီးနေပြီး ခရီးသည်များ ယာဉ်အတွင်း ညပ်နေသည်ကို တွေ့ရှိခဲ့ရသည်။
အခင်းဖြစ်နေရာ၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လူလေးဦး သေဆုံးသွားကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူများထဲတွင် အငယ်ဆုံးဖြစ်သည့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။
နောက်ထပ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက သာစလဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။
သေဆုံးဒဏ်ရာရသူ ငါးဦးစလုံးမှာ ဆေးရုံသို့ လူနာတင်ဆောင်လာသည့် အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ဆွေမျိုးသားချင်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်းများကို ကယ်ထုတ်နေစဉ် အခင်းဖြစ်နေရာသို့ ရောက်ရှိလာကြသော မိသားစုဝင်များမှာ ဝမ်းနည်းကြေကွဲမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
မိုးရွာသွန်းနေသည့် အခြေအနေတွင် လူနာတင်ယာဉ်က အရှိန်ပြင်းပြင်း မောင်းနှင်လာပြီးနောက် အရှိန်လွန်ကာ သစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။
မတော်တဆမှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး စိုစွတ်နေသည့် လမ်းမျက်နှာပြင်မှာလည်း ယခုကဲ့သို့ တိုက်မိရသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။
Ref: Khaosod