Voice of Myanmar

သူတို့အိမ် အခန်း (၂၅၉)

ဆူးငှက်

မန္တလေးသားမို့ —————— ကျွန်တော်သည် မန္တလေးတွင် မွေးဖွားသောကြောင့် ကျုံးမြို့ရိုး ပြာသာဒ်နှင့် ရှေးဟောင်း ယဉ်ကျေးမှုကြားတွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းအငွေ့အသက်မှန်သမျှ ချစ်မြတ်နိုးခဲ့သည်။ ထိုအခါ ရှေးဟောင်းယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းနှင့် အတူ ရှေးဟောင်းနှင့် ခေတ်သစ် ယှက်နွယ်မှု၊ ပေါင်းစပ်မှု၊ အပြန်အလှန် အားပြုမှုစသည်တို့ကိုလည်း စိတ်ဝင်စားသည်။ အကယ်၍ နိုင်ငံရပ်ခြားများ သွားခွင့်ကြုံလျှင် အီတလီ ပြင်သစ် ဂရိ စသည့် ရှေးဟောင်းယဉ်ကျေးမှု ထွန်းကား ထင်ရှားခဲ့သည့် တိုင်းပြည်များကို သွားရောက်လေ့လာလိုသည့် အာသီသရှိပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံသို့ သွားရောက်ရမည် ဆိုလျှင်လည်း ရှေးဟောင်းမြို့ကို ပို၍ စိတ်ဝင်စားခဲ့သည်။

၂၀၁၈ခုနှစ်ရောက်တော့ ထိုဆန္ဒ ပြည့်ခဲ့ပါ၏။ အီတလီ ပြင်သစ် ဂရိစသည့် နိုင်ငံများသို့ သွားရောက်ခွင့် ရခဲ့သည်တော့ မဟုတ်။ ထုံးစံအတိုင်း တရုတ်ပြည်သို့ စတုတ္ထအကြိမ်မြောက် သွားရောက်ရသောအခါ အဆိုပါခရီးစဉ်တွင် ရှေးဟောင်း မြို့ကြီးတစ်မြို့ဖြစ်သော ရှီအန်း (Xi an) လည်း ပါဝင်သောကြောင့် ဖြစ်ပါ၏။

ရှေးဟောင်းမြို့တော်ကြီး လေးကြိမ် ဖြစ်ခဲ့ဖူးသည် —————————————————- တရုတ်သမိုင်းတွင် ထင်ရှားသည့် မင်းဆက်များ ဖြစ်သော အနောက်ကျိုး၊ချင်၊ အနောက်ဟန်၊ စွေ၊ တန်စသည့် သမိုင်းကြောင်း ခိုင်ခံ့သော မင်းဆက်များ တည်ရှိခဲ့သည့်နေရာ ၊ ရှေးဟောင်း ပိုးလမ်းမကြီး စတင်သည့် နေရာလည်း ဖြစ်ပြီး တရုတ်တွင် ရှေးအကျဆုံး ရှေးဟောင်းမြို့တော်ကြီး လေးကြိမ်လည်း ဖြစ်ခဲ့ဖူးကာ ရှေးဟောင်း စစ်သည်တော် ရုပ်တုများနှင့်လည်း ကမ္ဘာကျော်ခဲ့သည့် မြို့တော် ရှီအန်း(Xi an)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ရှိး (Shaanxi) ပြည်နယ်မှာ တည်ရှိသည်။ ရှီအန်းမြို့သည် ခေတ်အဆက်ဆက် ယဉ်ကျေးမှု အဆင့်အတန်းလည်း အလွန်မြင့်မားခဲ့သလို သမိုင်းကြောင်း တစ်လျှောက်လည်း ကြွယ်ဝချမ်းသာခဲ့ပါ၏။ ရှီအန်းမြို့၏ ပတ်ဝန်းကျင်မှာလည်း သမိုင်းမတိုင်မီ နှစ်ပေါင်း အနည်းဆုံး နှစ်ငါးသိန်းခန့် က လန်တီယန် လူသားတွေ ရှိခဲ့ဖူးသည့် အထောက်အထားများကို ၁၉၆၃ ခုနှစ်က တူးဖော်တွေ့ရှိခဲ့ဖူးသည်။

ရှီအန်းသည် ဘီစီ ၁၁ရာစု ကျိုး (Zhou) မင်းဆက် တည်ထောင်ချိန်တွင် တရုတ်၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှု အချက်အချာ နေရာဖြစ်သလို ဖန်ကျင်းနှင့် ဟွာကျင်းနေရာနှစ်ခုကို ပေါင်းပြီး တည်ထားခဲ့သော ကျိုးမင်းဆက်၏ မြို့တော် ဖန်ဟွာ မြို့ကလည်း ရှီအန်းမြို့၏ အရှေ့တောင်ဘက်မှာ တည်ရှိသည်။ တရုတ်နိုင်ငံသည် ချင်မင်းဆက် ဘီစီ ၂၂၁-၂ဝ၆ အတွင်းမှာ ပထမဆုံး ပေါင်းစည်းမိခဲ့ပြီး ရှီအန်ယန်းအမည်ရှိ မင်းနေပြည်တော်ကို တည်ထောင်ခဲ့သည်။ ရှီအန်းယန်း ဆိုသည်မှာ အခုရှီအန်မြို့၏ အနောက်မြောက်ဘက်မှာ တည်ရသည်။ တရုတ်၏ ပထမဆုံး ဧကရာဇ်ဖြစ်သည့် ချင်ရှီဟွမ်၏ နောက် ဘီစီ၂ဝ၂ ခုနှစ်မှာ ဟန်မင်းဆက၏ လုဘန်း ဧကရာဇ် အုပ်စိုးသောအခါ ချင်မင်းဆက်၏ မြို့ဟောင်းနားက ချန် အန်းဆိုသည့် မြို့မှာပြီး နှစ်နှစ်အကြာမှာ ဝေယန်း (Weiyang) နန်းတော်ကို တည်ဆောက်ခဲ့သည်။ ထို ဝေယန်းနန်းတော် က ကမ္ဘာပေါ်ရှိ နန်းတော်တွေထဲတွင် အကြီးဆုံး နန်းတော်ကြီး ဖြစ်သည်။ အကျယ်အဝန်းက ၄.၈ကီလိုမီတာ စတုရန်း၊ ဧကပေါင်း ၁၂ဝဝ လောက်အထိ ကျယ်သဖြင့် ယခု တရုတ်ပြည် ဘီဂျင်းမြို့တော်တွင် တွေ့မြင်ရသည့် Forbidden City ထက် ၇ ဆနီးပါး ပိုကြီးသလို ဗာတီကန်မြို့ထက် ၁၁ ဆလောက် ပိုကျယ်ပါသတဲ့။

ကမ္ဘာ့အဆင့် အကြီးဆုံးမြို့ ————————— ဘီစီ ၁၉၄က စတင် တည်ဆောက်ခဲ့သည့် မူလရှီအန်းမြို့ တံတိုင်းဆိုလျှင် ကြီးမားလွန်းလို့ လေးနှစ်လောက် အချိန်ယူ တည်ဆောက်ခဲ့ရသည်။ တံတားအရှည်က ၂၅ ဒသမ ၇ ကီလိုမီတာ ရှည်ပြီး ထုက ၁၂ မီတာမှ ၁၆ မီတာ အထိ ထူပါသတဲ့။ ယခုပြောခဲ့သည့် ချန်အန်းတို့၊ ဝေယန်းတို့ ဆိုသည်မှာ အခု ရှီအန်းမြို့ ဖြစ်လာမည့် နေရာတွေဖြစ်သည်။ အေဒီ ၁၉ဝ ခုနှစ် သုံးနိုင်ငံ မင်းဆက်များ အုပ်ချုပ်သည့် ကာလတွင် တုန်းကျိုး (Dong Zhuo) အမည်ရှိ စစ်ဘုရင်က ပုန်ကန်ထကြွပြီး ချန်အန်းကို သိမ်းပိုက်လိုက်ပြန်သည်။ စစ်ဘုရင်တွေ စတင် မင်းမူသည့် ကာလဟု ပြောရပေမည်။

၅၈၂ ခုနှစ် စွေ (sui) မင်းဆက် စွေ ဧကရာဇ်က ဟန်မြို့ဟောင်း အရှေ့တောင်ဘက်နားမှာ ဒါရှင်းဆိုသည့် မြို့ကို တည်စေခဲ့ ပြန်တယ်။ မြို့ကို တော်ဝင် မြို့၊ နန်းတော်ရာနှင့် ပြည်သူတို့ နေထိုင်ရာ ဟူ၍ သုံးပိုင်း တည်ဆောက်ထား သည်မှာ ၈၄ ကီလိုမီတာ စတုရန်းရှိသဖြင့် သူ့ခေတ်တွင် ကမ္ဘာ့အဆင့် အကြီးဆုံးမြို့ ဖြစ်လာသည်မှာ မဆန်းပေ။ မင်မင်းဆက်ခေတ် ၁၃၇ဝပြည့်လွန်နှစ်တွင် မြို့ရိုးအသစ် ကာရံလိုက်ပြန်၏။ ယခုတွေ့ရသည့် မြို့ရိုးဖြစ်ကာ မြို့ရိုး ပတ်လညတွင် ကျုံးတစ်ခုပတ်လည် ကာရံထားသည်။

ဂန္ထဝင်နှင့် ခေတ်သစ် ———————– ရှီအန်းတစ်ခွင်တွင် တရုတ်ရိုးရာ ကိုးကွယ်မှုနှင့် တာအိုကျောင်းတော်ကြီးများက လွှမ်းမိုးထားသည်။ ကွန်ဖြူးရှပ် ကျောင်းတော်နှင့် ၂ဝ၁ဝ ပြည့်လွန်နှစ်တွင် ပြီးစီးခဲ့သည့် မြို့နတ်မင်းကျောင်းများက ထင်ရှားသည်။ ဗုဒ္ဓဘာသာဝင်များ လည်း များပြားပြီး တရုတ်နှင့် တိဘက် ဘုန်းတော်ကြီးကျောင်းများ ရှိသည်။ တရုတ်မှာရှိသော ရှေးဟောင်း မြို့တော် လေးမြို့အနက် တစ်မြို့ အပါအဝင် ဖြစသောကြောင့် ယဉ်ကျေးမှု တည်ရာဌာနများလည်း ပေါများလှသည်။ ရှီအန်း မြို့ရိုး၊ ရွှံ့စစ်သည်တော်များ ပြတိုက် ၊ တရုတ်၏ ပထမဆုံးဧကရာဇ်ဖြစ်သော ချင်ရှီဟွမ်ဂူဗိမာန်နှင့် ဖာမန် ကျောင်းတောများသည် အရေးပါသော ခရီးသွားလုပ်ငန်း ဖြစ်ထွန်းရာ နေရာများဖြစ်သည်။ ထို့ပြင် ရှီအန်းရှိ နိုင်ငံတကာ စက်မှုဇုန်များတွင် အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်သော လုပ်ငန်းများက အခြား နိုင်ငံများထက် ပိုမိုများပြားသည်။

တရုတ်အနောက်ပိုင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒအရ ရှီအန်းမြို့ကို စီးပွားရေး အရှိန်အဟုန် မြှင့်ပြီး စက်မှုလုပ်ငန်းအစုံ ထွန်းကားလာအောင် အစိုးရက ကြိုးပမ်းခဲ့သည်။ ထို့ကြောင့်လည်း ရှီအန်းမြို့မှာ ကမ္ဘာ့နိုင်ငံပေါင်း အနည်းဆုံး ၅၈ နိုင်ငံက စီမံကိန်း လုပ်ငန်းပေါင်း ၂၅၆ဝ လောက်အထိ လာရောက် လုပ်ကိုင်ကြခြင်းဖြစ်သည်။ ထိုအထဲမှ Fortune ၏ လုပ်ငန်းချည်းပဲ ၅ဝဝလောက် ရှိသည်။ အေဘီဘီ ဂရုပ်၊ မစ်ဆုဘီရှီ၊ တိုယိုတာ၊ ပနက်ဆိုးနစ်၊ ဖူဂျစ်ဆု၊ ကိုကာကိုလာနှင့် ဘိုးရင်းလေယာဉ် စက်မှုလုပ်ငန်းများ အထိ ရှီအန်းမှာ လာရောက် လုပ်ကိုင် ကြသည်။ ဘာပဲပြောပြော ရှီအန်း မြို့တော် သည် တရုတ်နိုင်ငံ၏ သမိုင်းအစကဲ့သို့ ဖြစ်နေသောကြောင့် မင်းဆက် အသွယ်သွယ်နှင့် ပတ်သက်သော ရှေးဟောင်းမြို့ရိုး၊ နန်းတော်၊ ရှေးဟောင်းကျောင်းတော်ရာ စသည့် လေ့လာစရာ အလွန်များသည့်မြို့ ဖြစ်သဖြင့် တရုတ် ပြည်သမိုင်းကို လေ့လာဖို့ ဆိုလျှင ်ရှီအန်းသည် ဦးစားပေးရမည့် မြို့ဖြစ်သည်။

မြို့တစ်မြို့၏ လိုဂို ——————- ရှီအန်းသည် သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာတရားကို တန်ဖိုးထား အလေးအမြတ်ပြုသည့်မြို့ ဖြစ်သောကြောင့် မူဝါဒအရ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန် လှိုင်းလုံး ဘယ်လောက်ကြီးပါစေ၊ သူ့မြို့၏ အဓိက ပုံရိပ်ကို ပိုမို ထင်ဟပ်ပေါ်လွင် စေဖို့ မမေ့မလျော့ ကြိုးပမ်း အကောင်အထည် ဖော်နေသည်ကို သတိပြုမိပါသည်။ ထင်သာ မြင်သာသည်မှာ မြို့၏ အဓိကနေရာ မြင်ကွင်းတိုင်းမှာ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာတရားဆိုင်ရာ အမှတ်အသား (Logo)ကို တွေ့မြင်နေရခြင်း ဖြစ်သည်။ လမ်းမကြီးတွေ ပေါ်မှာ၊ လမ်းဆုံ မီးပွိုင့်တွေမှာ၊ လမ်းဘေး လမ်းလယ် လက်ရန်း သံပန်းတွေမှာ၊ လမ်းထောင့် ပန်းခြံတွေမှာ၊ အများပြည်သူ ဆိုင်ရာ နေရာ အဆောက်အဦးတွေမှာ၊ ကုန်ကုန်ပြောရလျှင် ရှေးဟောင်း ဘုရားကျောင်း လှေကား ခြေကျော်တွေမှာထိ ရိုးရာကနုတ် အမှတ်အသားတစ်မျိုးကို တန်ဖိုးထား ထည့်သွင်း ထားခြင်းဖြစ်သည်။

တန်ဖိုးမြင့် ကားတွေ၊ ခေတ်မီ အဆောက်အဦးတွေ၊ အိုင်တီ နည်းပညာဆိုင်ရာ ကုန်တိုက်များ အရောင်းခန်းမများ လူထု စင်တာများနှင့် နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းဝတ် လူငယ်တွေ ပျားပန်းခတ် သွားလာနေရာ လမ်းမကြီးများ ဘေးတွေမှာ ထိုအမှတ်အသား (Logo) က ကြေးညိုရောင် အဆင်းနှင့် ခံ့ထည် ဣန္ဒြေရလှသည်။

ယိုင်လဲ ပြိုလု ဟင်္သပဒါး ရောင်မှိန် ကမ္ပည်းတိုင် ————————————————— မန္တလေးမြို့ ဆိုသည်ကလည်း မြန်မာပြည်က ရှေးဟောင်းမြို့တော်၊ ယဉ်ကျေးမှုမြို့တော် အဖြစ် ကမ္ဘာက သိမှတ်ထားပါ၏။ တိုးတက်လာသည့် လူဦးရေ၊ အလုပ်အကိုင် အခွင့်အလမ်း၊ မြို့ပြ ဖွံ့ဖြိုးမှုဟူသော ခေတ်ပေါ် ပစ္စည်းများက ရှေးဟောင်းမြို့တော်၊ ယဉ်ကျေးမှုမြို့တော်ဆိုသော ဟင်္သပဒါး ရောင်မှိန် ကမ္ပည်းတိုင်ကို အဘက်ဘက်က တွန်းလှဲ နေကြ၏။ နိစ္စဓူ၀ ပဋိပက္ခဟုပင် ပြောရပေမလားပဲ။ ခေတ်အရ တိုးတက်မှု၊ အမီလိုက်မှု အဟုန်က ဘယ့်နှယ် တားလို့ရမလဲ၊ သူ့မှာ ဗဟုအတွေးအခေါ်နှင့် အားကြီးပါဘိသနဲ့။

ထိုအခါ မြို့၏ သည်းခြေကြိုက် ရှေးဟောင်းမြို့တော်၊ ယဉ်ကျေးမှ ုမြို့တော်ဆိုတာ မမေ့ပါဘူး၊ တန်ဖိုးထားပါတယ်၊ ဂါရ၀ ထားပါတယ်၊ အလေးအမြတ် ပြုပါတယ် ဆိုတာ ပြသည့် သင်္ကေတအနေနှင့် ဂန္ထဝင်ဆန်ပြီး ခံ့ထည်သည့် မြန်မာမှု အမှတ်အသား အထိမ်းအမှတ် မြို့Logo တစ်ခု ရွေးပြီး မြို့၏ အဝင်တွေမှာ၊ ပန်းခြံတွေမှာ၊ အများပြည်သူ ဆိုင်ရာ နေရာတွေမှာ၊ လမ်းဆုံ လမ်းထောင့်တွေမှာ၊ လေဆိပ် ဘူတာ မြစ်ဆိပ် ကားကွင်းတွေမှာ၊ ပြောကြစို့ဆိုလျှင် လေးဘက်လေးတန် ကျုံးလက်ရန်းတွေမှာ စိုက်ထူ တတ်ဆင်ဖို့ စိတ်ကူဒယဉ်မိသည်။ တံခွန်တိုင် အဝိုင်းလိုမျိုး၊ သိပ္ပံလမ်းနဲ့ ၇၈လမ်းဆုံလိုမျိုး၊ ၂၆လမ်းနဲ့ ၇၈လမ်းဆုံလိုမျိုး၊ လမ်း၃၀နဲ့ ၇၈လမ်းဆုံလိုမျိုး ၊ ၆၂လမ်းနဲ့ သိပ္ပံလမ်းဆုံ လိုမျိုး စသည်ဖြင့် နေရာမျိုးတွေမှာလည်း ပန်၁၀မျိုးနှင့် ရိုးရာနှင့် ခေတ်ပေါ် ရုပ်လုံးတွေ စိုက်ထူရန်လည်း အတွေးနယ်ကျွံသွားသည်။

လိုဂိုပျောက်နေသော မြို့ ——————————- သည်လိုနှင့် မန္တလေးပြန်အရောက် တံတားဦးလေယာဉ်ကွင်းကထွက်ပြီး မြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ကျောရပ်အမှား အချိုးအမှား အပြောက်အမွှမ်းအမှားနှင့် ပုကွကွ ဂင်တိုတို မြို့ဝင်ပြာသာဒ်က ကျွန်တော့်ကို ဘယ်လိုလဲ ကိုယ့်လူဟု ပြောင်စပ်စပ် မျက်စပစ်ပြနေသည်။ ဟော မြို့ထဲအရောက် ၇၈လမ်းက ၂၆ဘီလမ်းအရောက် အရှေ့ဘက် အချိုးတွင် လွတ်လပ်ရေး ရပြီးစ ပါလီမန် ဒီမိုကရေစီခေတ်၏ မြန်မာမာမှု ဗိသုကာဟန် မြို့၏ အထင်ကရ စည်ပင်သာယာရေး ကော်မီတီရုံး အဆောက်အအုံက ခံ့ညားထည်ဝါသလောက် တစ်နေ့မနေ့ကမှ တည်ဆောက် ဖွင့်လှစ်ပြီးသည့် ရုံးအသစ်ကြီးက ထည်ဝါမှုတွေ တလွဲဆံပင်ကောင်းကာ တောသူဆန်းတော့ အသားကုန် အိုးလုံးမှောက် နေသောကြောင့် ရှက်ဖွယ်ကောင်းစွာ မျက်စေ့ကျိန်းစပ်လှသည်။

တော်ပါသေး ရတနာပုံခေတ်ဟန် ၄၈ရပ်ပြာသာဒ် တွေရှိနေလို့၊ ကိုလိုနီခေတ်က အနောက်တိုင်းဗိသုကာနှင့် မြန်မာမှုပြာသာဒ်ကို အချိုးကျကျ ပေါင်းစပ် ထားသည့် ဈေးချိုနာရီစင်ရှိနေလို့။ နို့မို့ မန္တလေး လိုဂို ပျောက်တာကြာပေါ့။

ဆူးငှက်

မူရင်းသတင်း — Voice of Myanmar