Myanmar Transparency News

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း နယ်စပ်လုံခြုံရေး၊ မြစ်ရေထုညစ်ညမ်းမှု၊ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများနှင့် ကုန်သွယ်ရေး အတားအဆီးများကို ဆွေးနွေးမည်


သတိုး

၁၀. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကက်ကောင်း (Sihasak Phuangketkeow) သည် နိုဝင်ဘာ ၁၂ ရက် (ကြာသပတေးနေ့) တွင် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း နယ်စပ်လုံခြုံရေး၊ မြစ်ရေထုညစ်ညမ်းမှု၊ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများနှင့် ကုန်သွယ်ရေး အတားအဆီးများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း The Nation က ယနေ့ ဖော်ပြသည်။

စီဟာဆက်က ဝန်ကြီးအဖွဲ့ရုံး၌ ပြောကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ပြန်လည်မျှဝေနိုင်ရန် မြန်မာ့နိုင်ငံရေး အခြေအနေ နောက်ဆုံးရသတင်းများကို ရယူလိုကြောင်း ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများနှင့် ကျည်မတော်တဆကျရောက်မှုများဆိုင်ရာ စိုးရိမ်မှုများရှိနေချိန်တွင် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများက ထိုင်းနယ်နိမိတ်နှင့် အရပ်သားများအပေါ် ထိခိုက်မှုမရှိစေရဆိုသည့် နှစ်ရှည်လများ ထိန်းသိမ်းလာသော နားလည်မှုကို ထပ်လောင်း ပြောကြားသွားမည်ဟုလည်း စီဟာဆက်က ဆိုသည်။

ပဋိပက္ခများနှင့် စပ်လျဉ်းပြီး ထိုင်းနိုင်ငံအပြင် အာဆီယံကပါ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ လျော့ကျသွားစေလိုပြီး ယင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည်ဟု ထိုင်းဘက်က ယုံကြည်ထားသည်။

ကုန်သွယ်ရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ကုန်စည် စီးဆင်းမှု တိုးတက်စေရန် သွင်းကုန်လိုင်စင်ဆိုင်ရာ အတားအဆီးများကို ဖြေရှင်းလိုနေသည်။

ထို့အပြင် စီဟာဆက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်ကို ကိုးကား၍ နှစ်နိုင်ငံနယ်စပ်ရှိ ကော့ခ်မြစ်နှင့် စိုင်မြစ်အတွင်း ရေထုညစ်ညမ်းမှု အခြေအနေမှာ အတော်ပင်ပြင်းထန်နေကြောင်း ဖော်ပြခဲ့သည်။ ထိုဖြစ်ရပ်တွင် ရှမ်းပြည်နယ်ရှိ သတ္တုတွင်းများနှင့် ဆက်စပ်နေသည့် ညစ်ညမ်းမှု စိုးရိမ်ချက်များနှင့် မြန်မာအစိုးရ၏ ရှမ်းပြည်နယ်အပေါ် ထိန်းချုပ်နိုင်စွမ်းနှင့် ပတ်သက်၍ စီဟာဆက်က မြန်မာအစိုးရအနေဖြင့် မိမိပိုင်နက်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကို အရေးယူဆောင်ရွက်ရန် လိုအပ်မည်ဟုလည်း ပြောကြားခဲ့သည်။

ဤနှစ်ရှည်လများ ဖြစ်ပွားနေသော ပြဿနာသည် ထိုင်းဒေသခံ လူထုကို ထိခိုက်စေခဲ့ပြီး လက်ရှိတွင် ရေအရည်အသွေးမှာ ဆိုးရွားလျက်ရှိသည်။ ဓာတုဓာတ်များ ပျံ့နှံ့နေသော ရေကို ပြန်လည်သန့်စင်ရန် ခက်ခဲသဖြင့် အရေးပေါ် ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်လာခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချတ် ချွမ်ကလင်း (Suchart Chomklin) က နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားရာ၌ ချင်းရိုင်ခရိုင်ရှိ စိုင်မြစ်အတွင်း အာဆင်းနစ်နှင့် လေးလံသော သတ္တုဓာတ်များ သတ်မှတ်စံချိန်ထက် ပိုမိုပါဝင်နေခြင်းသည် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှု ပြဿနာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံသည် သတ္တုတူးဖော်မှုများ ရှိနေသည့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် စိုင်မြစ်၊ ကော့ခ်မြစ်နှင့် ရုအက်ခ်မြစ်များကို ပူးတွဲပိုင်ဆိုင်ထားကြောင်း ၎င်းက ဆိုသည်။

ဆူချတ်၏ ပြောကြားချက်အရ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံစဉ်က ထိုင်းနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့အကြား လုပ်ငန်းတာဝန်များ (TOR) ရေးဆွဲခဲ့ကြောင်း သိရသည်။

နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော်မြစ်များ ရေထုအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့သည် မြန်မာနှင့် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များ တက်ရောက်ကာ TOR မူဘောင် အတည်ပြုနိုင်ရေးအတွက် ပထမဆုံးအကြိမ် အစည်းအဝေးကို နိုဝင်ဘာလကုန်တွင် ကျင်းပမည်ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် အဆိုပါရေကို သောက်သုံးရန်နှင့် အခြားကိစ္စများအတွက် အသုံးပြုနေရသလို ဒေသတွင်း ရေထွက်ပစ္စည်းများကို စားသုံးနေရသည့် မြန်မာပြည်သူများအတွက် စိုးရိမ်မှုများကိုလည်း တင်ပြသွားမည်ဖြစ်သည်။ အစီအစဉ်များတွင် ရေနှင့် မြေဆီလွှာ စမ်းသပ်ခြင်း၊ မြန်မာပြည်သူများအပေါ် သက်ရောက်မှုများကို ထောက်ပြခြင်း၊ အသိပညာ မျှဝေခြင်းနှင့် မြန်မာနိုင်ငံအတွင်း စက်ပစ္စည်းများ တပ်ဆင်ပေးခြင်းတို့ ပါဝင်သည်။

ဆူချတ်က ဆောင်ရွက်ချက်များကို အဆင့်နှစ်ဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်မှုတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ကဏ္ဍအားလုံး ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်း ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနအားလုံးကို အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ ငါးလုပ်ငန်းဦးစီးဌာနက ရေထွက်ပစ္စည်းများ စားသုံးရန် ဘေးကင်းမှု ရှိမရှိ စစ်ဆေးရမည်ဖြစ်ပြီး၊ မြေယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စိုက်ပျိုးရေး မြေဆီလွှာအတွင်း ညစ်ညမ်းမှု သတ်မှတ်စံချိန်ထက် ကျော်လွန်ခြင်း ရှိမရှိ စစ်ဆေးရမည်ဖြစ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရေထုကို စစ်ဆေး၍ ရလဒ်များကို ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဌာနများထံ ပေးပို့ရမည်ဖြစ်သည်။

အလားတူ ပြည်သူ့ကျန်းမာရေးဝန်ကြီးက ဒေသခံများအား အကြံပြုနိုင်ရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပြီး ဖြစ်သည်။ ထို့အပြင် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ရေပိုက်လိုင်းမှ သောက်သုံးရေ ထုတ်လုပ်ရန် စိုင်မြစ်ရေကို အသုံးပြုနိုင်ခြင်း ရှိမရှိ ရေထုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ အကယ်၍ ထိုရေကို အသုံးပြု၍ မရပါက အစိုးရနှင့် ရေပေးဝေရေး အာဏာပိုင်အဖွဲ့တို့က ဒေသခံများအတွက် အစားထိုး ရေရရှိနိုင်မည့် အရင်းအမြစ်များကို ရှာဖွေရမည်ဖြစ်သည်။

ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနသည် ယခုနှစ်အတွင်း ရေထုစောင့်ကြည့်ရေး စခန်း ၇ ခုကို ထူထောင်ထားပြီး ဒေသတွင်း ဓာတ်ခွဲခန်းတစ်ခု ဆောက်လုပ်ရန် နေရာရှာဖွေလျက်ရှိသည်။ ယင်းက ဘန်ကောက်သို့ နမူနာများ ပေးပို့စရာမလိုဘဲ လေးလံသော ညစ်ညမ်းသတ္တုဓာတ်များကို အမြန်ဆုံး စစ်ဆေးနိုင်မည်ဖြစ်သည်။ အမျိုးသား ရေထုအရင်းအမြစ် အဖွဲ့ရုံးကလည်း အဆိုပါ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

အစိုးရအနေဖြင့် ဤပြဿနာကို လေးလေးနက်နက် ကိုင်တွယ်နေသော်လည်း စနစ်တကျ ဖြေရှင်းရန် လိုအပ်ကာ သက်ဆိုင်ရာ ဌာနများကလည်း ၎င်းတို့၏ ဆောင်ရွက်ချက်များကို ပြည်သူသို့ ရှင်းလင်းပြောကြားရမည်ဖြစ်ကြောင်း ဆူချတ်က အလေးပေး ပြောကြားခဲ့သည်။

Ref: The Nation Thailand

မူရင်းသတင်း — Myanmar Transparency News