NP News

အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား (၁၅,၂၉၃) ဦးကို ထိန်းသိမ်းစစ်ဆေးနိုင်ခဲ့ပြီး (၁၄,၂၂၂) ဦးကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပြီးဖြစ်

ထိုက်စံ (NP News) - နိုဝင်ဘာ ၁၁

အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား (၁၅,၂၉၃) ဦးကို ထိန်းသိမ်းစစ်ဆေးနိုင်ခဲ့ပြီး (၁၄,၂၂၂) ဦးကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား (၉)ဦးနှင့် ရုရှားနိုင်ငံသား(၁)ဦး စုစုပေါင်း ပြည်ပနိုင်ငံသား (၁၀) ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည် ရေးတံတားမှတစ်ဆင့် သက်ဆိုင် ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

(၂၀၂၅) ခုနှစ် ဇန်နဝါရီ (၃၀) ရက်မှ (၂၀၂၆) ခုနှစ် နိုဝင်ဘာ (၁၀) ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၁၅၂၉၃) ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ (၁၄၂၂၂) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၀၇၁) ဦး တွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ် ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား (၃၉၁) ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၆၈၀) တို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင် ရေး အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News