
ပုလဲ (NP News) - နိုဝင်ဘာလ ၁၁
ပြည်တွင်း၌ တရားဝင်ရွှေဆိုင် (၆၈၀ဝ) ကျော်သာရှိနေသေးကြောင်း သတ္တုလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရ သည်။
လိုင်စင်လျှောက်ထားခိုင်းသည့် ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် အောက်တိုဘာလမှ ယခုနှစ် (၂၀၂၆) ခုနှစ် အောက်တိုဘာလကုန်အထိ (၂) နှစ်အတွင်း နေပြည်တော်၊ လုပ်ငန်းလိုင်စင်စိစစ်ရေးအဖွဲ့ထံ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်လွှာစောင်ရေ (၇၁၀ဝ)ကျော် ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ပါ စိစစ် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတိုင်း စိစစ်ခွင့်ပြုပေးလျက်ရှိရာ လက်ရှိတွင် (၆၈၁၇) စောင် ခွင့်ပြု ပေးထားပြီးဖြစ်ကြောင်း သိရသည်။
"လျှောက်ထား (၇၁၀၃) နှင့် ခွင့်ပြု (၆၈၁၇) ပါ" ဟု သတ္တုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၌ အသင်းဝင်ပေါင်း (၆၀ဝ)ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၌ ရွှေဆိုင်ပေါင်း (၁၀,ဝဝဝ) ကျော်ရှိ ကြောင်း သိရသည်။
ထို့အတူ လစဉ် ရွှေဆိုင်လုပ်ငန်းများတိုးလာပြီး လုပ်ငန်းလိုင်စင်လျှောက်ထားလိုသူများ အနေဖြင့် လည်း သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကနဦးစိစစ်ရေးအဖွဲ့များထံ သွားရောက်လျှောက်ထားနိုင်သော်လည်း လက်ရှိအချိန်ထိ တရားဝင်ရွှေဆိုင် (၆၈၀ဝ) ကျော် သာရှိနေခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ လက်တလောထိန်းကျောင်းနေသည့် ဒေါ်လာ၊ ရွှေ၊ ကားဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်မှုများကို ပံ့ပိုးစေရေးအတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့်ရွှေကြမ်းဖြင့် ပြုလုပ်ထားသောပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း ယာယီခွင့်မပြုကြောင်း၊ ခွင့်ပြုပြီးလုပ် ငန်းမှတ်ပုံတင်အားလည်း သက်တမ်းတိုးခွင့်မပြုကြောင်း သိရသည်။
