NP News

နိုင်ငံအတွင်းရှိ ရေသယံဇာတအပါအဝင် သဘာဝအရင်းအမြစ်များကို အာကာသနည်းပညာအသုံးပြု၍ အချက်အလက်များရယူ အသုံးချရန် သမ္မတပြော

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၁

နိုင်ငံတွင်းရှိ ရေသယံဇာတ အပါအဝင် သဘာဝအရင်းအမြစ်များကို အာကာသနည်းပညာအသုံးပြု၍ အချက်အလက်များရယူ အသုံးချရန်လိုကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက ယမန်နေ့(နိုဝင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပသည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာ ဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် မိမိတို့နိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့်သီးနှံအခြေအနေကို သိရှိပြီး အချိန်မီစီမံနိုင်ရေးအတွက် အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
နိုင်ငံတွင်းရှိ ရေသယံဇာတ အပါအဝင် သဘာဝအရင်းအမြစ်များကို အာကာသနည်းပညာအသုံးပြု၍ အချက်အလက်များရယူကာ အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

ယခုကဲ့သို့ အာကာသနှင့်ပတ်သက်သည့် ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ အာကာသနှင့်ပတ်သက်သည့် အသိပညာများအား မျိုးဆက်သစ်လူငယ်မောင်မယ်များ သိရှိနားလည်နိုင်ရေး ခေတ်နှင့်အညီ စဉ်ဆက်မပြတ် အဆင့်မြှင့်တင် လုပ်ဆောင်ပေး ခြင်းတို့ဖြင့်လည်း အာကာသနည်းပညာကို စိတ်ပါဝင်စားမှု မြင့်တက်လာစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်တို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News