Myanmar Digital News

ဂါဇာတွင် ရွက်ဖျင်တဲ ၇၀၀၀၀ ခန့် ရေလွှမ်းမိုးမှုဖြစ်ပွား၊ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့က အမြင့်ဆုံးအရေးပေါ်အခြေအနေကြေညာ

ဂါဇာ နိုဝင်ဘာ ၈

 

ဂါဇာအရပ်ဘက် ကာကွယ်ရေးအာဏာပိုင်များသည် မိုးသက်မုန်တိုင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသော ပါလက်စတိုင်း ပြည်သူများနေထိုင်ရာ ရွက်ဖျင်တဲအိမ်ပေါင်း ၇၀၀၀၀ ခန့် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး ကယ်ဆယ်ရေးလုပ်ငန်းများမှာလည်း နိုင်နင်းစွာလုပ်ဆောင်နိုင်စွမ်း မရှိတော့သည့်အတွက် နိုဝင်ဘာ ၇ ရက်တွင် အမြင့်ဆုံးအရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

 

အချိုလူနေဒေသများတွင် ရေမျက်နှာပြင်အမြင့် ၁ ဒသမ ၅ မီတာအထိ ရောက်ရှိလာကြောင်း အာဏာပိုင်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုးသက်မုန်တိုင်း စတင်ဝင်ရောက်ချိန်မှ စတင်၍ အရပ်ဘက်ကာကွယ်ရေးဌာနများသည် ဖုန်းခေါ်ဆိုမှုပေါင်း ၂၁၆၆ ခု လက်ခံရရှိခဲ့သော်လည်း ကယ်ဆယ်ရေးအသင်းအဖွဲ့များ သည်အကူအညီတောင်းခံမှု အရေအတွက် အလွန်များပြားခြင်းနှင့် ကယ်ဆယ်ရေးအရင်းအမြစ် အကန့်အသတ်ရှိခြင်းတို့ကြောင့် ဖုန်းခေါ်ဆိုမှု ၂၁၈ ခုကိုသာ ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ မိုးသက်မုန်တိုင်းကြောင့် ပဏာမခန့်မှန်းဆန်းစစ်ချက်တွက်ချက်မှုအရ တိုက်ရိုက်ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ သုံးသန်းဝန်းကျင်ရှိကြောင်း သိရသည်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန မာဂျစ်အဘူ ရာမာဒန်က အေးမြသည့်ရာသီဥတု ဖြစ်ပေါ်လာမှုနှင့် ဆက်တိုက်ဖြစ်ပေါ်နေသော မုန်တိုင်းများကြောင့် အလွန်အန္တရာယ်များသည့် အဆင့်များအထိ ရောက်ရှိနိုင်ကြောင်းပြောသည်။

 

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News