သက်တံ့
၁၁. ၁၁. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ ကန်ဒါလ်ပြည်နယ်၊ ကဆာ့ချ်ကန်ဒါလ် (Ksach Kandal) မြို့နယ်၊ ပရက်တာမက် (Prek Tameak) ကျေးရွာအုပ်စု၊ အန်လုံ (Anlong) ကျေးရွာတွင် BELTEI နိုင်ငံတကာကျောင်းမှ ကျောင်းသူ ၅ ဦးသည် ၎င်းတို့စီးနင်းလာသော ကျောင်းကား လမ်းချော်ပြီး ရေကန်အတွင်းသို့ ထိုးကျသွားခဲ့သဖြင့် သေဆုံးခဲ့သော်လည်း ရေမြုပ်နေသော ယာဉ်အတွင်းမှ အတန်းဖော် ၂၁ ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့သည်။
အဆိုပါ ကျောင်းသူများသည် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပရက်တာမက်တံတား ကျောင်းခွဲသို့ သွားရောက်စဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
BELTEI Group ၏ အထွေထွေညွှန်ကြားရေးမှူး Ly Chheng က ယာဥ်တိမ်းမှောက်ကာ ရေထဲကျမှုဖြစ်စဥ်မှာ မော်တော်ဆိုင်ကယ်တစ်စီးကို ရှောင်ကွင်းမောင်းနှင်ရင်း ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါကားမှာ ကျောင်းပိုင်မဟုတ်ဘဲ ပြင်ပကန်ထရိုက်တာမှ ပြေးဆွဲပေးနေသည့် ယာဉ်ဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ထို့အတူ Mr. Chheng က သေဆုံးသွားခဲ့ရသည့် ကျောင်းသူ ၅ ဦးအတွက် ဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုခဲ့သည်။
ပရေးဗဲင်း (Prey Veng) ပြည်နယ်၊ ပီးအာရမ်း (Pea Reang) မြို့နယ် ရဲတပ်ဖွဲ့စခန်း၏ ပြောကြားချက်အရ သေဆုံးသူများမှာ မိန်းကလေးငယ်များဖြစ်ကြပြီး ပီးအာရမ်းမြို့နယ်မှ ဖြစ်ကြသည်။ သေဆုံးသူများ၏ အမည်နှင့် အသက်များမှာ Seang Sophavotey (၁၄ နှစ်)၊ Leng Youly (၁၃ နှစ်)၊ Ly Nita (၁၃ နှစ်)၊ Seiha Suosdey (၁၄ နှစ်) နှင့် Kheang Chingching (၁၂ နှစ်) တို့ ဖြစ်ကြသည်။
Seiha Suosdey မှာ ပီးအာရမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး Sum Seiha ၏ သမီးဖြစ်ကြောင်း သိရသည်။
ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီး Hang Chuon Naron သည် ကန်သာဘိုဖား (Kantha Bopha) ဆေးရုံသို့ သွားရောက်ကာ အရေးပေါ်ဆေးကုသမှု ခံယူနေသည့် အသက်ရှင်ကျန်ရစ်သူ ကျောင်းသားကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ပြီး မိဘများနှင့် အုပ်ထိန်းသူများကိုလည်း နှစ်သိမ့်အားပေးခဲ့သည်။ ဝန်ကြီးက ဒဏ်ရာရရှိသူများအားလုံး မြန်ဆန်စွာ ပြန်လည်ကျန်းမာလာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ကန်ဒါလ်ပြည်နယ် အာဏာပိုင်များက ယခုမတော်တဆမှုကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: Khmer Times