Myanmar Transparency News

လစာနှင့် ဝန်ထမ်းခန့်ထားရေး အငြင်းပွားမှုများကြောင့် Seoul Metro အလုပ်သမားသမဂ္ဂက နိုဝင်ဘာ ၂၅ ရက်တွင် သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

၁၀.၁၁.၂၀၂၆.
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံ၊ မြို့တော် ဆိုးလ်ရှိ အလုပ်သမားသမဂ္ဂသုံးခုအနက် အကြီးဆုံးဖြစ်သော မြေအောက်ရထားလိုင်း အလုပ်သမားများသမဂ္ဂ Seoul Metro က ဝန်ထမ်းအသစ်များ ထပ်မံခန့်ထား ရေးနှင့် လစာတိုးမြှင့်ပေးရေး အပါအဝင် ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခြင်း မရှိပါက နိုဝင်ဘာ ၂၅ ရက်တွင် သပိတ်မှောက်မည်ဟု နိုဝင်ဘာလ ၁၀ ရက်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

မြေအောက်ရထားလိုင်း ၁ မှ ၈ အထိနှင့် လိုင်း ၉ ၏ အစိတ်အပိုင်းအချို့ကို လည်ပတ် ဆောင်ရွက်နေသည့် Seoul Metro ၏ သမဂ္ဂ အမှတ် (၁) က အကြီးတန်း သမဂ္ဂအဖွဲ့ဝင်များ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါသမဂ္ဂသည် ကနဦးတွင် လစာ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း စီမံခန့်ခွဲရေးအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချတောင်းဆိုခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဝန်ထမ်းဦးရေ လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်အတွက် အလုပ်အကိုင်နေရာ ၂,၂၁၂ ခုကို ဖြတ်တောက်မည့် အစီအစဉ်ကို ပယ်ဖျက်ပေးရန်နှင့် ယခုနှစ်အတွင်း ဝန်ထမ်း ၁,၃၁၃ ဦးကို ထပ်မံ ခန့်ထားပေးရန် တောင်းဆိုထားသည်။ အခြားတောင်းဆိုချက်များတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် အစိုးရဘက်မှ ရန်ပုံငွေထောက်ပံ့ပေးရေးနှင့် ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုအားလုံးကို လူ နှစ်ဦးပါဝင်သည့် အဖွဲ့များဖြင့်သာ လုပ်ဆောင်စေရေးတို့ ပါဝင်သည်။

သမဂ္ဂ၏ အဖွဲ့ဝင်စုစုပေါင်း ၉,၂၀၁ ဦးအနက် ၇,၇၈၂ ဦး (၈၄ ဒသမ ၆ ရာခိုင်နှုန်း) သည် မကြာသေးမီက ပြုလုပ်ခဲ့သည့် မဲပေးပွဲတွင် ပါဝင်ခဲ့ကြပြီး၊ မဲပေးသူများအနက် ၆,၇၁၅ ဦး (၈၆ ဒသမ ၃ ရာခိုင်နှုန်း) က သပိတ်မှောက်မည့် အစီအစဉ်ကို ထောက်ခံခဲ့ကြကြောင်း သမဂ္ဂက ပြောကြားသည်။

အမှတ် (၂) နှင့် အမှတ် (၃) သမဂ္ဂများကလည်း ၎င်းတို့၏ အဖွဲ့ဝင်များအနက် ၈၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၉၄ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးတို့က ထောက်ခံမဲ ပေးခဲ့ကြကာ သပိတ်မှောက်မည့် အစီအစဉ်ကို အတည် ပြုခဲ့ကြသည်။

အကယ်၍ ၎င်းတို့၏ တောင်းဆိုချက်များ မပြည့်မီပါက အမှတ် (၁) သမဂ္ဂနှင့် အမှတ် (၂) သမဂ္ဂတို့ ပူးပေါင်း၍ နိုဝင်ဘာ ၂၀ ရက်တွင် “စည်းမျဉ်းစည်းကမ်းအတိုင်းသာ တင်းကျပ်စွာ လိုက်နာလုပ်ကိုင်သည့် သပိတ်” လှုပ်ရှားမှုကို စတင်ရန် စီစဉ်ထားကြောင်း အမှတ် (၁) သမဂ္ဂက ပြောကြားခဲ့သည်။ စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆိုးလ်မြို့တော်အစိုးရတို့အနေဖြင့် ၎င်းတို့၏ သဘောထားများကို ပြောင်းလဲခြင်း မရှိပါက နိုဝင်ဘာ ၂၅ ရက်တွင် အကန့်အသတ်မရှိ သပိတ်မှောက်မှုကြီးကို စတင်သွားမည် ဖြစ်သည်။

Ref: Yonhap

မူရင်းသတင်း — Myanmar Transparency News