Myanmar Digital News

စပိန်၌ လူသားနှင့် ဒီဂျစ်တယ်နည်းပညာပေါင်းစပ်၍ ရောဂါကုသရေး ဆောင်ရွက်

ဘာစီလိုနာ နိုဝင်ဘာ ၈

 

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ဆေးရုံတစ်ရုံတွင် လူသားနှင့်ဒီဂျစ်တယ်နည်းပညာ ပေါင်းစပ်၍ ရောဂါဖြစ်ပွားမှုအခြေအနေ အကဲဖြတ်လေ့လာခြင်းနှင့် ကုထုံးများသတ်မှတ်ခြင်းတို့ကို နည်းပညာလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပညာရှင်များအနေဖြင့် ကွန်ပျူတာအသုံးပြု၍ လူသားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းပုံတူများနှင့် တစ်ဦးချင်းစီအလိုက် ရောဂါဖြစ်ပွားမှုအခြေအနေများကို လေ့လာသုံးသပ်မည်ဖြစ်ကြောင်း ဗောဒီဟီဗရွန်ဆေးရုံဓာတ်မှန်ဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ မန်နယ်အက်ကိုဗာက ပြောကြားသည်။

 

ဝေဒနာရှင်တစ်ဦးချင်းစီအတွက် မည်သည့်ကုထုံးသည် အကောင်းဆုံးဖြစ်ကြောင်းနှင့် အဆိုပါ ကုထုံးဖြင့်ကုသမှုကြောင့် ဝေဒနာရှင်များ၏ ရောဂါပျောက်ကင်းမှုအခြေအနေ မည်သို့ရှိသည်ကို လေ့လာဆန်းစစ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ဒီဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဇီဝဖြစ်စဉ်များကို ဝေဒနာရှင်တစ်ဦးချင်းစီမှ ရရှိသည့် ဆေးပညာဆိုင်ရာ ရုပ်ပုံများ၊ ဆေးဝါးကုသရေးဆိုင်ရာ အချက်အလက်များနှင့် မျိုးဗီဇဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News