Myanmar Digital News

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူလတန်းကျောင်းသား ၂၆ သန်း၏ ပညာရေးအရည်အသွေးမြှင့်တင်ရန် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့မည်

ဒါကာ နိုဝင်ဘာ ၈

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူကြိုအဆင့်မှငါးတန်းအထိ ပညာသင်ကြားနေသည့် ကလေးငယ် ၂၆ သန်း၏ သင်ယူမှုရလဒ်များ ပိုမိုကောင်းမွန်လာစေရန် ကမ္ဘာ့ဘဏ်အုပ်စု၏ အမှုဆောင်ဒါရိုက်တာ ဘုတ်အဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ရန် အတည်ပြုခဲ့ကြောင်း သိရသည်။

 

အရည်အသွေးမြင့် မူလတန်းပညာရေးသည် ကမ္ဘာ့အဆင့်မီ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် အခြေခံအုတ်မြစ်များအနက် တစ်ခုဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ဒါရိုက်တာ ဂျင်းပီစ်မီက ပြောကြားခဲ့သည်။

 

အဆိုပါ အစီအစဉ်မှတစ်ဆင့် ကျောင်းသားများအနေဖြင့် ၎င်းတို့၏ အတန်းအဆင့်နှင့် ကိုက်ညီသည့် စာဖတ်ခြင်း၊ စာရေးခြင်းနှင့် သင်္ချာဘာသာရပ်ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများ ရရှိလာစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် အခြေခံစာတတ်မြောက်မှုနှင့် ကိန်းဂဏန်းတွက်ချက်မှုဆိုင်ရာ သင်ကြားရေးအစီအစဉ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းများ၊ စနစ်တကျရေးဆွဲထားသည့် သင်ခန်းစာအစီအစဉ်များနှင့် ဆရာဆရာမများအတွက် လေ့ကျင့်သင်ကြားမှုများလည်း ပါဝင်မည်ဖြစ်သည်။

 

အဆိုပါအစီအစဉ်ကြောင့် အစိုးရမူလတန်းကျောင်းများတွင် အလုပ်အကိုင်အခွင့်အလမ်း ၈၄၃၀၀၀ ထပ်မံဖန်တီးပေးနိုင်မည့်အပြင် လစာပိုမိုကောင်းမွန်သည့် အလုပ်အကိုင်များလည်း ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News