Myanmar Digital News

အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေဟု ကာတာ ပြောကြား

ဒိုဟာ နိုဝင်ဘာ ၈

 

အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ပဋိပက္ခအဆုံးသတ်ရေး ကြားဝင်စေ့စပ်ပေးနေသည့် ကာတာနိုင်ငံက နှစ်နိုင်ငံအကြားဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ယနေ့ ပြောကြားခဲ့သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်သင့်၊ မပြုလုပ်သင့်ကို မကြာမီ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြောကြားခဲ့ပြီးနောက် ကာတာနိုင်ငံက အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ကာတာနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ကြားဝင်စေ့စပ်သူများသည် သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် နှစ်ဖက်စလုံးနှင့်နီးကပ်စွာ ဆက်သွယ်ညှိနှိုင်းလျက်ရှိကြောင်း ဖော်ပြထားသည်။

 

အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios ၏ ဖော်ပြချက်အရ ကြားဝင်စေ့စပ်သူများသည် နှစ်ဖက်အကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရန် နှစ်ရက်တာအတွင်း အဆင့်လိုက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် တီဟီရန်တို့ကို ဆက်လက်ညှိနှိုင်းပေးလျက်ရှိသည်။

 

အဆိုပြုထားသည့် အစီအစဉ်များတွင် အမေရိကန်က အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးခြင်းနှင့် အီရန်၏ရန်ပုံငွေအချို့ကို ပြန်လည်အသုံးပြုခွင့်ပေးခြင်းတို့ ပါဝင်ပြီး အပြန်အလှန်အားဖြင့် အီရန်က နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) မှ စစ်ဆေးရေးမှူးများကို နိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ပြုရန် အဆိုပြုထားကြောင်း သိရသည်။

 

ထို့ပြင် ကာတာတာဝန်ရှိသူတစ်ဦးက ဒေသတွင်းတင်းမာမှုများ လျှော့ချနိုင်ရေး နည်းလမ်းများနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တစ်ချိန်တည်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာ့ဂ်ချီက ပြီးခဲ့သည့် ၄၈ နာရီအတွင်း နိုင်ငံ ၁၂ နိုင်ငံမှ ၎င်း၏ မိတ်ဖက်နိုင်ငံခြားရေးဝန်ကြီး များနှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းနိုင်ငံများတွင် ကာတာနှင့် အခြားကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံတို့လည်း ပါဝင်သည်။

 

အဆိုပါဆွေးနွေးမှုများအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးဆောင်ရွက်မှုများအပေါ် အီရန်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News