
မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေချိန်အတွင်း ၎င်း၏ရေတပ်ကို လက်နက်တပ်ဆင်မှု တိုးမြှင့်လုပ်ဆောင်နေစဉ် မြန်နှုန်းမြင့် တော်ပီဒိုစနစ်သစ်ကို စမ်းသပ်ပစ်ခတ်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
ဂျပန်ပင်လယ်ဟုလည်း ခေါ်ကြသည့် အရှေ့ပင်လယ်တွင် နိုဝင်ဘာ ၉ ရက်က စမ်းသပ်ခဲ့သောလက်နက်သည် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြောက်ကိုရီးယားရေတပ်၌ စတင်အသုံးပြုရန် စီစဉ်ထားသောလက်နက်ဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရသတင်းဌာနက Korean Central News Agency (KCNA)၏ ဖော်ပြချက်အရ သိရသည်။
ယခု စမ်းသပ်ပစ်ခတ်မှုသည် လွန်ခဲ့သောရက်ပိုင်းအတွင်း မြောက်ကိုရီးယားက လက်နက်သစ် စမ်းသပ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် ပြုလုပ်သော စမ်းသပ်မှုဖြစ်သည်။ မြောက်ကိုရီးယားသည် လွန်ခဲ့သောရက်ပိုင်းတွင် တိုက်ခိုက်ရေးဒရုန်းများ၊ ပစ်မှတ်တိကျသော တော်ပီဒိုစနစ်သစ်၊ တာလတ်ပစ် ဟိုက်ပါဆောနစ်ဒုံးကျည်တို့ကို စမ်းသပ်ခဲ့သည်။
မြောက်ကိုရီးယားက ဖျက်သင်္ဘောအသစ်များနှင့် ပိုမိုခေတ်မီသော တော်ပီဒိုများအပါအဝင် ၎င်း၏ရေကြောင်းစွမ်းရည်များနှင့် ရေအောက်တိုက်ခိုက်ရေး စွမ်းရည်များကို ချဲ့ထွင်ရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင်ယခုစမ်းသပ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
"ကာကွယ်သိပ္ပံအကယ်ဒမီ၊ ဒုံးကျည်ဌာန၊ တော်ပီဒိုလက်နက်သုတေသနဗျူရိုတို့က မြန်နှုန်းမြင့် တော်ပီဒိုလက်နက်သစ်ရဲ့တိုက်ခိုက်ရေး ထိရောက်မှုကို နိုဝင်ဘာ ၉ ရက်မှာ အတည်ပြုခဲ့ပါတယ်"ဟုKCNA က ဖော်ပြခဲ့သည်။
ရေအောက် ပစ်မှတ်များကို မြန်နှုန်းမြင့်တိုက်ခိုက်ရန် တော်ပီဒိုများကို ပုံစံထုတ်ထားခြင်းဖြစ်သည်ဆိုသော်လည်း AI ကို အသုံးပြုထားခြင်းကြောင့် ထိုတော်ပီဒိုများသည် တိမ်းရှောင်နိုင်ပြီး ရန်သူကို ခေါင်းနောက်စေရန်အလိုအလျောက် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်ဟု ဆိုသည်။