
ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း ဒဲအယ်လ်ဘာလာမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုကျကာ တဲထိုးနေထိုင်နေသူများထဲမှ ငါးဦး သေဆုံးခဲ့သည်။
ထို့နောက် ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုနေနိုင်မှုနှင့် မတုံ့ပြန်မှုကို ပါလက်စတိုင်းအာဏာပိုင်များက ဝေဖန်လာကြသည်။
နိုဝင်ဘာ ၈ ရက်က သဲမြေပြိုကျကာ တဲတစ်လုံးပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ကလေးလေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ လူနှစ်ဦးလည်း ပျောက်ဆုံးနေသည်။
ယခုနှစ်ပထမဆုံး ဆောင်းရာသီမုန်တိုင်းကြောင့် နိုဝင်ဘာ ၆ ရက်မှစတင်ကာ ဂါဇာတွင် မိုးကြီးခဲ့ပြီး နေရာအများအပြား ရေကြီးခဲ့သည်။
ထို့ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူများ ခိုလှုံနေသည့် စခန်းများ ရေလွှမ်းခဲ့ကာ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးနှင့်ပြီးသား အဆောက်အအုံများက ပိုယိုင်နဲ့လာခဲ့သည်။
အစ္စရေးစစ်တပ်၏ ပိတ်ဆို့ကန့်သတ်ချက်များကြောင့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအတွက် လိုအပ်သည့်ကိရိယာများ လုံလောက်စွာမရနိုင်ဘဲ ဖြစ်နေပြီး ဂါဇာအစိုးရမီဒီယာရုံး၏ လတ်တလောထုတ်ပြန်ချက်၌ ယခုဖြစ်ရပ်သည် လူသားအားလုံး၏ အသိစိတ်ကို အရှက်ရစေသင့်သည့် မြင်ကွင်းဖြစ်ပြီး ဂါဇာပြည်သူများ ရင်ဆိုင်နေရသည့် စွန့်ပစ်ခံရမှုအတိုင်းအတာကို ထင်ဟပ်နေသည်ဟု ဖော်ပြထားသည်။
မုန်တိုင်းတိုက်ခတ်ခဲ့သည့် သီတင်းပတ်ကုန်တွင် ဂါဇာရှိတဲပေါင်း ၇၀၀၀၀ ခန့် ရေလွှမ်းခဲ့သည်။ Save the Children ၏ အချက်အလက်များအရ ဂါဇာရှိကလေးငယ်ငါးသိန်းကျော်သည် အလွန်ဆိုးရွားသည့် နေရာများတွင် ခိုလှုံနေထိုင်နေကြသည်။