
ဖလမ်း ၊ နိုဝင်ဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဖလမ်းမြို့၊ ဆူရ်ဘုန်လေဆိပ်အတွင်းရှိ အဆောက်အအုံများနှင့် ရာနှုန်းပြည့်ပြုပြင်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးသည်။ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဆူရ်ဘုန်လေဆိပ်သို့ သွားရောက်ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဆူရ်ဘုန်လေဆိပ်အတွင်းရှိ လေဆိပ်အဆောက်အဦ၊ လေကြောင်းထိန်းမျှော်စင်၊ လေကြောင်းလမ်းညွှန်စက်များထားရှိသည့် နေရာတို့တွင် ပျက်စီးမှုများအား သန့်ရှင်းရေးပြန်လည်ဆောင်ရွက်ထားရှိမှုနှင့် လေဆိပ်လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ လေယာဉ်ပြေးလမ်းတစ်လျှောက်နှင့် လေယာဉ်ရပ်နားရာနေရာများကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံသန့်ရှင်းရေးဆောင်ရွက်ရန် လိုအပ်သည့်နေရာများတွင် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်ရှိ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ၄ ခန်းတွဲ ၂ ထပ် အိမ်ရာတစ်လုံးနှင့် ၂ ခန်းတွဲ ၂ ထပ် အိမ်ရာနှစ်လုံးရာနှုန်းပြည့် ပြုပြင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား နေရာချထားပေးနိုင်ရေးနှင့် အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ရန်မှာကြားသည်။ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ပညာရေးဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီး၍ ဝန်ထမ်းမိသားစုများ နေထိုင်နေမှုအခြေအနေများကို ကြည့်ရှုပြီး ဝန်ထမ်းမိသားစုများ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု၊ ရေရရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးနှုတ်ဆက်မေးမြန်းကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အကြမ်းဖက်ဖြစ်စဥ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် စာသင်ဆောင်ပြုပြင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ပင်မစာသင်ဆောင်ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်ကာ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ဆရာ/ဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost