Kanbawza Tai News

ထူးရတနာအောင်ကိုယ်ပိုင်ကျောင်း တည်ထောင်သူက ရှယ်ယာရှင်နှင့် မိဘများထံမှ ငွေကြေးလိမ်လည် ထွက်ပြေးနေ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ထူးရတနာအောင် ကိုယ်ပိုင်မူလတန်းကျောင်း တည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခေါ်) ဒေါ်နွယ်နွယ်ဝင်းက ကျောင်းရှယ်ယာငွေများနှင့် ကျောင်းသားမိဘများထံမှ ငွေကြေးများကို လိမ်လည်ရယူကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ကျောင်းတည်ထောင်သူ ဒေါ်ရွှေရည်ဝင်း ( ခေါ်) ဒေါ်နွယ်နွယ်ဝင်းက ကျောင်း ရှယ်ယာရှင်များထံမှ ရှယ်ယာငွေကြေး များကို လိမ်လည်သွား သည့်အပြင် ကျောင်းသားမိဘများအား အယုံသွင်းကာ ငွေးချေးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ ကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ၏ လစာများကိုလည်း ပေးချေခြင်း မရှိသေးကြောင်း ယင်း ကျောင်းမှ ကျောင်းအုပ်ထံက သိရသည်။

“ကျွန်မတို့က သူ့ရဲ့ဝန်ထမ်းပါ။ လစာကတော့ အရင်လ ၁၀ လပိုင်းလစာ မရှင်းရသေးပါဘူး။ မပေးနိုင်တော့တဲ့အချိန် နည်းနည်း စကားတွေများကြသေးပါတယ်။ ကလေးမိဘတွေ ကတော့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လွတ်မယ်။ အကုန်လုံးနီးပါး လိမ်သွားပါတယ်" ဟု ထူးရတနာအောင် ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်က ပြောသည်။

လက်ရှိ ကျောင်းသား/သူများ၏ သင်ကြားရေးနှင့် ပတ်သက်၍ ကျောင်းအုပ်နှင့် ဆရာ/ဆရာမများက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။

“မနေ့က မိဘ၊ ဆရာ အစည်းအဝေး အရင်လုပ်လိုက်တယ်။ သင်ကြားရေးနဲ့ ပတ်သက်လို့ရှိရင် တီချယ်တို့က အဆုံးထိ တာဝန်ယူသွားမှာဖြစ်လို့ စိတ်မပူဖို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ Personal နဲ့ ပတ်သက်တဲ့ ငွေကြေးကိစ္စကတော့ တီချယ်တို့နဲ့ မသက်ဆိုင်ပါဘူး။ ကျောင်းကိုတော့ ဆက်ပြီး တာဝန်ယူသွားမှာပါ” ဟု ကျောင်းအုပ်က ဆက်လက်ပြောဆိုခဲ့သည်။

ထူးရတနာအောင် ကိုယ်ပိုင်ကျောင်းတွင် လက်ရှိ ဆရာ/ဆရာမ ၉ ဦးနှင့် ရုံးဝန်ထမ်းတစ်ဦး စုစုပေါင်း ဝန်ထမ်း ၁၀ ဦး ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး တက်ရောက်ပညာသင်ကြားနေလျက်ရှိကာ Pre-KG မှ Grade-5 အထိ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းတည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခေါ်) ဒေါ်နွယ်နွယ်ဝင်းသည် ထူးရတနာအောင် ကိုယ်ပိုင်မူလတန်းကျောင်း အပြင် Maths World International Olympaid Mathematics Center အမည်ဖြင့် သင်တန်းကျောင်းတစ်ခု ဖွင့်လှစ် ထားပြီး လက်ရှိတွင် ယင်းသင်တန်းကျောင်းကိုလည်း ပိတ်ထားကြောင်း တွေ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထူးရတနာအောင်ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခ) ဒေါ်နွယ်နွယ်ဝင်း အား ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။

ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “သိသိချင်းပဲ ကွင်းဆင်းစစ်ဆေး ခိုင်း ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ကိုယ်ပိုင်ကျောင်း အစည်းအဝေး ဆောင်ရွက်ညွှန်ကြားချက်နဲ့ ကိုယ်ပိုင် ကျောင်းတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကိုလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

မူရင်းသတင်း — Kanbawza Tai News