Kanbawza Tai News

တရားမဝင် ဗွီဒီယိုဖွင့်လှစ်ပြသနေသည့် Private Cinema ၂ ခုမှ ပိုင်ရှင်ကို ဖမ်းဆီး

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဗွီဒီယို ဖွင့်လှစ်ပြနေသည့် Private Cinema ၂ ခုမှ ပိုင်ရှင်ဖြစ်သူကို အမှုဖွင့်ဖမ်းဆီး အရေးယူထားသည်ဟု သိရသည်။

တောင်ကြီးမြို့မရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၆ ရက်၊ ညနေ ၃ နာရီခွဲခန့်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ (၂)၊ ကံ့ကော်လမ်းရှိ Starlight Premiere ဆိုင်တွင် ပရိုဂျက်တာဖြင့် တရားမဝင် ဗွီဒီယိုဖွင့်လှစ်ပြသနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် Starlight Premiere ဆိုင်ပိုင်ရှင် ဦးအောင်မြင့်သူသည် ဗွီဒီယိုဆင်ဆာအဖွဲ့နှင့် ဗွီဒီယိုလုပ်ငန်း ကြီးကြပ်ရေး ဗဟိုကော်မတီအဖွဲ့တို့၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ စည်းကမ်းချက်တို့နှင့်မညီဘဲ Starlight Premiere ဆိုင်ရှိ အခန်းငယ်များတွင် ပရိုဂျက်တာဖြင့် ဗွီဒီယို ဖွင့်လှစ်ပြသခဲ့ကြောင်း သက်သေခံပစ္စည်းများနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တောင်ကြီးနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၇ နာရီခန့်က တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း၊ မြကန်သာတိုက်ခန်းရှိ Starlight Kanthar ဆိုင်တွင် ပရိုဂျက်တာဖြင့် တရား မဝင်ဗွီဒီယိုဖွင့်လှစ်ပြနေကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ပိုင်ရှင် ဦးအောင်မြင့်သူသည် ဗွီဒီယိုဆင်ဆာအဖွဲ့နှင့် ဗွီဒီယိုလုပ်ငန်း ကြီးကြပ်ရေးဗဟိုကော်မတီ အဖွဲ့တို့၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ စည်းကမ်းချက်တို့နှင့်မညီဘဲ Starlight Kanthar ဆိုင်၏ အခန်းငယ် များအတွင်း ပရိုဂျက်တာဖြင့် ဗွီဒီယိုဖွင့်လှစ်ပြသခဲ့ကြောင်း သက်သေခံပစ္စည်းများနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဗွီဒီယို ဆင်ဆာအဖွဲ့နှင့် ဗွီဒီယို လုပ်ငန်းကြီးကြပ်ရေးဗဟိုကော်မတီအဖွဲ့တို့၏ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက် တို့နှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ ဗွီဒီယိုပြသခဲ့သည့် Starlight ဆိုင် ၂ ဆိုင်၏ ပိုင်ရှင် ဦးအောင်မြင့်သူ အား တောင်ကြီးမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့တွင် ရုပ်မြင်သံကြားနှင့် ဗွီဒီယို ဥပဒေပုဒ်မ ၃၆ ဖြင့် သီးခြားစီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဗွီဒီယို ပြသခဲ့သည့် ‌တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက် မြို့ပတ်လမ်း၊ အမှတ် (၂၉၃) ရှိ Mizzu Minin Cinema အမည်ရ ရုပ်ရှင်ရုံငယ်မှာ ဖမ်းဆီးခံရခြင်းမရှိဘဲ ယင်းနေ့တွင် ပိတ်သိမ်းထားခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

မြို့တော် တောင်ကြီး အပါအဝင် ရှမ်း‌တောင်ဒေသရှိ မြို့နယ်များတွင် တရားဝင်မဝင် ဖွင့်လှစ်ထားသည့် KTV နှင့် ဘားဆိုင်များလည်း အများအပြားရှိနေပြီး ဖမ်းဆီး အရေးယူမှု မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

မူရင်းသတင်း — Kanbawza Tai News