
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်း၌ မြို့ပေါ်ရှိ လူနေရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၌ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေညောင်ကုန်းလှိုင်ကန်နှင့် ကျီးဖြူကန်တို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်မှ စတင်၍ ကန်ရေလျှံတက်ပြီး ရွှေညောင်မြို့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခု ကုန်းလှိုင်ကျောင်းမှာ ထပ်ခေါ်ပြီး စာရင်းကောက်နေတုန်းပါ။ မနေ့ညကတော့ ၁၃၀ လောက်ရှိတယ်။ အခုတော့ ၂၀၀ လောက် ရောက်ပြီ။ ရေတော့ ကျသွားပြီ။ စိုးရိမ်စရာမရှိပါဘူး။ ကျီးဖြူကန်လည်း ရေကျပါပြီ” ဟု ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ရွှေညောင်မြို့၊ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်အိမ်ထောင်စုများအား ယာယီရေဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။