
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
မြို့တော် တောင်ကြီး အပါအဝင် ရှမ်းတောင်ဒေသအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ မြေပြိုမှုနှင့် အုတ်တံတိုင်းပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၂)၊ ရတနာထွန်းလမ်းသွယ်ရှိ တစ်ထပ်သွပ်မိုးအိမ် တစ်လုံးပေါ်သို့ ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက် အစောပိုင်းက လမ်းမြေ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကြီးဂေါက်ကလပ် အုတ်တံတိုင်း အနည်းငယ် ပြိုကျပျက်စီးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ တောင်ကြီးဂေါက်ကလပ်၏ အမြင့် ၇ ပေခန့်ရှိ တောင်ဘက် အုတ်တံတိုင်း အလျား ၁၅ ပေခန့် ပြိုကျခဲ့ခြင်းဖြစ်ပြီး တန်ဖိုး ကျပ် ၁၀ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အုတ်တံတိုင်း ပြိုကျပျက်စီးမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ဘဲ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ ည ၉ နာရီခန့်က တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ ရှုခင်းသာပန်းခြံ အုတ်တံတိုင်း အနီးရှိ ယူကလစ်ပင်တစ်ပင် ပြည်ထောင်စုလမ်းမပေါ်သို့ လဲကျခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၉ ရက်မှစ၍ ရှမ်းတောင်ဒေသအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင်လည်း ရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။