Kanbawza Tai News

တောင်ကြီးတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်း အရ ယမန်နေ့ နိုဝင်ဘာလလ ၁၀ ရက်၊ ည ၇ နာရီခွဲခန့်က ရတနာသီရိရပ်ကွက်၊ နယ်မြေ (၁)၊ အောင်မင်္ဂလာလမ်း ပေါ်တွင် ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် မသင်္ကာဖွယ်အမျိုးသားတစ်ဦးအား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် အမျိုးသားမှာ ရတနာသီရိရပ်ကွက်နေ နေမျိုးဇော် (ခ) မျိုးဇော် ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၈ ထုပ်၊ စုစုပေါင်း ဆေးပြား ၁၆၀၀၊ အလေးချိန် ၁၄၄ ဂရမ်၊ ကာလတန်ဖိုး ၄၈၀၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ နေမျိုးဇော် (ခ) မျိုးဇော် အား တောင်ကြီးနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News