Kanbawza Tai News

ရွာငံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် နိုဝင်ဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကို သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၂ နာရီခန့်က ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေနေစဉ် ယာဉ်မောင်း သန်းထိုက်အောင် မောင်းနှင်ပြီး မခင်သီတာအောင် (ခ) မီးမီး လိုက်ပါစီးနင်းလာသည့် SUZUKI CARRY အမျိုးအစား အဖြူရောင်ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆၀၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀၀ အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ သန်းထိုက်အောင်နှင့် မခင်သီတာအောင် (ခ) မီးမီး တို့ နှစ်ဦးအား ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News