
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ ရေဘေးသင့် အိမ်ထောင်စု ၃၀၀ ကျော်ကို လှိုင်ဘုံသာ ရပ်ကွက်၊ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
ရွှေညောင်မြို့တွင် နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နံနက်ပိုင်း၌ မြို့ပေါ်ရှိ လူနေရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၌ ရေဝင်ရောက်နေခြင်းဖြစ်ပြီး ရေဘေးသင့် အိမ်ထောင်စု ၁၀၆ စုမှ လူဦးရေ ၃၈၈ ဦးတို့အား ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် စောင့်ရှောက် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေညောင်ကုန်းလှိုင်ကန်နှင့် ကျီးဖြူကန်တို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်မှ စတင်၍ ကန်ရေလျှံတက်ပြီး ရွှေညောင်မြို့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရေဝင်ရောက်မှုကြောင့် ရွှေညောင်မြို့ရှိ စပါးစိုက်ခင်းများနှင့် ရာသီသီးနှံစိုက်ခင်းများတွင် ရေဝင်ပျက်စီး မှုများရှိပြီး တောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ထံက သိရသည်။
ထို့အတူ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူကလည်း “နမ့်လတ်ချောင်း (တာယောချောင်း) ရေလျှံတဲ့အတွက် စပါးခင်းတွေ၊ ပြောင်းတို့၊ ရာသီသီးနှံစိုက်ခင်းတို့ ရေဝင်တာတော့ရှိတယ်။ ပျက်စီးမှုရှိ/မရှိကတော့ ရေပြန်ကျတဲ့အချိန်မှာ သီးနှံရဲ့ ခံနိုင်ရည်ကို မူတည်ပြီး သိရမှာပါ” ဟု ပြောဆိုခဲ့သည်။
ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် မိုးရွာသွန်းမှု နည်းပါးသွားသော်လည်း ရွှေညောင်မြို့ပေါ်တွင် ရေတင်ကျန်နေဆဲဖြစ်သည်ဟု သိရသည်။