Kanbawza Tai News

တောင်ကိုရီးယားတွင် ယာဉ် ၃၂ စီးတိုက်မှုဖြစ်ပြီး ၉ ဦး ပြင်းထန်ဒဏ်ရာရ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တောင်ဘက် ဆောင်နမ်မြို့၊ ဘွန်ဒန်းခရိုင်မှာ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက အများ ပြည်သူသုံး ဘတ်စ်ကားတစ်စီးဟာ အခြားယာဉ်တွေကို ဆက်တိုက်ဝင်တိုက်ခဲ့ တာကြောင့် လူ ၉ ဦး ဒဏ်ရာပြင်းထန် ပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

အဲဒီဘတ်စ်ကားဟာ မနက် ၇ နာရီ ၃၄ မိနစ်ဝန်းကျင်မှာ မီးပွိုင့်မှာ စောင့်နေတဲ့ ယာဉ်တွေအပါအဝင် အခြားယာဉ် တွေကို ဝင်တိုက်ပြီးနောက် လမ်းလယ်ကျွန်းကာရံထားတဲ့ အတားအဆီးကို ထပ်မံတိုက်မိခဲ့တာဖြစ်ပါတယ်။

မတော်တဆမှုမှာ ဘတ်စ်ကား ၄ စီး၊ ကုန်တင်ကားတစ်စီးနဲ့ ခရီးသည်တင်ကား ၂၇ စီး စုစုပေါင်း ယာဉ် ၃၂ စီး ပါဝင် ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာကို မီးသတ်ဝန်ထမ်း ၈၈ ဦးနဲ့ ကယ်ဆယ်ရေးယာဉ် ၃၃ စီး စေလွှတ်ခဲ့ပြီး အရေးပေါ် ဆေး ကုသရေးစခန်းလည်း ဖွင့်လှစ်ခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားရဲ့ ရှေ့ပိုင်းဟာ အတော်လေးပျက်စီးသွားပြီး လမ်းလယ်အတားအဆီးပေါ်မှာ တင်နေခဲ့တယ်လို့ သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ဘတ်စ်ကားမောင်းသူလည်း ဒဏ်ရာရရှိခဲ့ပြီး ကားထဲကနေ ကယ်ထုတ်ပြီးနောက် ဆေးရုံတင်ပို့ထား ရတယ်လို့ KBS သတင်းဌာနက ဖော်ပြပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ ရဲတပ်ဖွဲ့က ပျက်စီးသွားတဲ့ယာဉ်ရဲ့ Black Box မှတ်တမ်းနဲ့ CCTV ရုပ်သံတွေကို စစ်ဆေးသွားမယ်လို့ SBS သတင်းဌာနက ဖော်ပြပါတယ်။

Ref – CNA

မူရင်းသတင်း — Kanbawza Tai News