Kanbawza Tai News

ရွှေညောင်၊ ညောင်ရွှေရှိ ရေဘေးသင့်ပြည်သူများကို ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ သွားရောက်လှူဒါန်း

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နှင့် ညောင်ရွှေမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့က ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့က ရွှေညောင်မြို့၊ ညောင်ရွှေမြို့နှင့် နန်းသီတာကျေးရွာရှိ ရေဘေးသင့် ပြည်သူများ အား ခေါက်ဆွဲခြောက် ၁၈၀၀ ထုပ်၊ ကြက်ဥ ၁၅၀၀ လုံး၊ ရေသန့်ဘူး ၁၃၀၀၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၃၄၈၀၀၀၀ ကျပ် အား သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက်ရှိ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းတွင် ရေဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်လက်ခံထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းအသီးသီးက ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းတောင်ဒေသအတွင်း ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွှေညောင်မြို့၊ ကုန်းလှိုင် ရေကန်၊ နမ့်လတ်ချောင်း (တာယောချောင်း) ရေလျှံပြီး လူနေရပ်ကွက်များနှင့် စပါးခင်း အပါအဝင် သီးနှံစိုက်ခင်းများ အတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News