Kanbawza Tai News

အီတလီ၊ ဗြိတိန်နှင့် အိုင်ယာလန်ရှိ ကျောင်းများ ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်စာ ပို့ခံရ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

အီတလီနိုင်ငံတစ်ဝန်းက ကျောင်းပေါင်း ၆ , ၃၀၀ ခန့်ဟာ ဗုဒ္ဓဟူးနေ့မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ရရှိခဲ့ တာကြောင့် ကျောင်းတွေကို ရွှေ့ပြောင်းပိတ်ထားခဲ့ရပါတယ်။ ဒါဟာ ဥရောပတစ်ဝန်းက စူပါမားကတ်တွေ၊ သွေးဘဏ် တွေ၊ လေကြောင်းသွားလာရေးနဲ့ ရုပ်သံမီဒီယာ တွေကို ပစ်မှတ်ထားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ တဲ့အထဲက နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

စကော့တလန်၊ မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန်သမ္မတနိုင်ငံတို့ကလည်း သူတို့နိုင်ငံရှိ ကျောင်းအများ အပြားဟာ ပြည်ပကနေ အလားတူ အီးမေးလ်ခြိမ်းခြောက်စာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီခြိမ်းခြောက်စာတွေကို လိမ်လည်ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး စာသင်ကြားမှု တွေကိုတော့ မထိခိုက်ခဲ့ပါဘူး။

အီတလီမှာတော့ ခြိမ်းခြောက်စာတွေ ရရှိပြီး ကျောင်းတွေကို အမြန်ပိတ်ခဲ့ရတာကြောင့် မိဘအများအပြားလည်း အလုပ်တွေကိုရပ်ပြီး ကလေးတွေကို သွားခေါ်ခဲ့ရပါတယ်။

ရောမမြို့က မက်ဇီနီ အလယ်တန်းကျောင်းမှာ တက်နေတဲ့ ကလေးတစ်ဦးရဲ့ မိခင် နန်စီ ဘီဂိုက “ သမီး ဒက်ဖနီက ကလေးတွေက ဘာဖြစ်နေတာလဲဆိုတာ နားမလည်ကြလို့ ငိုခဲ့ပါတယ်။ ကျွန်မသွားခေါ်တဲ့အချိန်အထိလည်း သူက တုန်လှုပ်နေတုန်းပါပဲ” လို့ ပြောပါတယ်။

သူက “ဒါက တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ စာသင်ချိန်တွေကို ပျက်စီးစေပြီး လူတိုင်းရဲ့ တစ်နေ့တာကို အနှောင့်အယှက်ဖြစ်စေဖို့ လုပ်ထားတဲ့ လိမ်လည်ခြိမ်းခြောက်မှုဆိုတာ သိသာပါတယ်” လို့လည်း ပြောပါတယ်။

Reuters က တွေ့ရှိခဲ့တဲ့ ခြိမ်းခြောက်စာမိတ္တူထဲမှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျာ မယ်လိုနီကို ပစ်မှတ်ထားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုလည်း ပါဝင်ပါတယ်။ မယ်လိုနီကတော့ ဗုံးခြိမ်းခြောက်မှုတွေဟာ အန္တရာယ်မရှိဘူးလို့ ပြောပြီး ရဲတပ်ဖွဲ့နဲ့ အစိုးရအဖွဲ့အစည်းတွေက အခြေအနေကို စောင့်ကြည့်နေ တယ်လို့ ဆိုပါတယ်။

ရောမမြို့က ကျောင်းတစ်ကျောင်းကလည်း မိဘတွေထံ စာတိုပို့တဲ့အက်ပ်ကနေ “ကျောင်းသားအားလုံးကို လုံခြုံတဲ့ နေရာကို ရွှေ့ထားပြီး ဆရာ၊ ဆရာမတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေပါတယ်” လို့ အသိပေးခဲ့ပါတယ်။

အီတလီမှာ ရရှိခဲ့တဲ့ အီးမေးလ်ကို “မီခေးလ် အန်ဒရိုပေါ့ဗ်၊ မီဆိုဂျင်နစ္စတန် ဗီလာယတ်ရဲ့ ခေါင်းဆောင်” လို့ လက်မှတ်ရေးထိုးထားတယ်လို့ Reuters က တွေ့ရှိခဲ့တဲ့ စာမိတ္တူမှာ ဖော်ပြထားပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက “ကျောင်းတွေရဲ့ အီးမေးလ်လိပ်စာတွေက အများပြည်သူ ကြည့်ရှု နိုင်တဲ့အတွက် ဗုံးခြိမ်းခြောက်စာတွေ ပို့ရတာ ရေတစ်ခွက်သောက်ရသလို လွယ်ပါတယ်” လို့ Reuters ကို ပြောပါ တယ်။

အဲဒီအမည်နဲ့ပဲ ပြီးခဲ့တဲ့ သောကြာနေ့က အိုင်ယာလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံက သတင်းဌာနတွေကို အီးမေးလ်ကနေ ဗုံးခြိမ်းခြောက်စာတွေ ပို့ခဲ့တာအတွက်လည်း တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။

ယူကရိန်းကို ထောက်ခံနေတဲ့ ဥရောပနိုင်ငံတွေမှာ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေ ဆက်တိုက် ဖြစ်ပေါ်နေမှုနောက်ကွယ်မှာ ရုရှားရှိနိုင်တယ်လို့ ဥရောပအရာရှိအချို့က သံသယရှိနေပါတယ်။

ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး အနောက်နိုင်ငံတွေက အပုပ်ချတဲ့ လှုပ်ရှားမှုလုပ်နေတယ်လို့ ပြန်လည်စွပ်စွဲ ထားပါတယ်။

အီရန်ကိုလည်း သံသယရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထည့်သွင်းပြောဆိုနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ပြင်သစ်နိုင်ငံမှာ စူပါမားကတ်ရာနဲ့ချီက ရေခဲသေတ္တာတွေ အလုပ်မလုပ်အောင် ဆိုက်ဘာတိုက်ခိုက် မှုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန် အစိုးရကို စွပ်စွဲခဲ့ပြီးနောက် ပြင်သစ်က အင်္ဂါနေ့မှာ အီရန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။

အီရန်ကတော့ အဲဒီစွပ်စွဲချက်တွေဟာ “အခြေအမြစ်မရှိပြီး ရန်လိုတဲ့ စွပ်စွဲချက်တွေ” ဖြစ်တယ်လို့ ပယ်ချထားပါတယ်။

အီတလီကာကွယ်ရေးဝန်ကြီး ဂူအီဒို ခရိုဆက်တိုက ဗုဒ္ဓဟူးနေ့က ဖြစ်ရပ်တွေဟာ “ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်တဲ့ ရှင်းလင်းတဲ့ မဟာဗျူဟာ” တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အဒန်ခရို နော့စ် သတင်းဌာနကို ပြောပါတယ်။

သူက “ဒါတွေဟာ အမြဲတမ်း ပြည်ပနိုင်ငံတွေ ဒါမှမဟုတ် ရန်လိုတဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ မြို့တစ်မြို့ ဒါမှမဟုတ် ဒေသတစ်ခုမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် မစောင့်နိုင်ဘဲ လုပ်ဆောင်ချင်တဲ့ အာရုံစိုက်ခံချင်သူတွေနဲ့ စိတ်မမှန်သူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

အီတလီကျောင်းအုပ်ကြီးများအသင်း အကြီးအကဲ အန်တိုနယ်လို ဂျန်နယ်လီကတော့ ဒီခြိမ်းခြောက်မှု တွေကြောင့် ကျောင်းသားတွေ၊ မိသားစုတွေနဲ့ ကျောင်းဝန်ထမ်းတွေ စိတ်အနှောင့်အယှက်ဖြစ် ခဲ့ကြတယ်လို့ ပြောပါတယ်။

သူက “ဒီနေ့ဖြစ်ခဲ့တဲ့ ခြိမ်းခြောက်မှုတွေဟာ သိသိသာသာ လိမ်လည်ခြိမ်းခြောက်မှုတွေ ဖြစ်ပေမဲ့ ကျောင်းအသိုင်း အဝိုင်းတစ်ခုလုံးကို ထိတ်လန့်စေပြီး ပုံမှန်ပညာသင်ကြားမှုတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်ရပ်တွေရဲ့ နောက် ဆက်တွဲဆိုးကျိုးတွေကိုတော့ လျှော့တွက်လို့ မရပါဘူး” လို့ ပြောပါတယ်။

Ref – Reuters

မူရင်းသတင်း — Kanbawza Tai News