
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အိမ်ထောင်စု ၂၃၀ ကျော်မှ လူဦးရေ ၆၀၀ နီးပါးကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားရသည်ဟု သိရသည်။
ရွှေညောင်မြို့တာယောချောင်းရေလျှံမှုနှင့် တောင်ကြီးမြို့ ကျီးဖြူကန်ရေလွှဲဆည်မှ တောင်ကျချောင်းရေများ စီးဆင်းမှုတို့ကြောင့် ညောင်ရွှေမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များမှ နေအိမ်များသို့ ရေဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ နံနက် ပိုင်းအထိ ရရှိထားသည့် အချက်အလက်များအရ ညောင်ရွှေမြို့ပေါ်ရှိ အိမ်ထောင်စု ၂၃၂ စုမှ လူဦးရေ ၅၉၆ ဦး ရေဘေးသင့်နေပြီး ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားရခြင်း ဖြစ်ကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရေးစခန်းများကို ညောင်ရွှေမြို့၊ ရန်ကုန်ကျောင်း၊ ရွှေချမ်းသာဘုရားနှင့် မဟာရန်အောင်မြေဘုရား တို့တွင် ယာယီ ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များက ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရေဘေးသင့်ပြည်သူအချို့မှာ ဘေးလွတ်ရာ ဆွေမျိုးသားချင်း နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည့်အတွက် ရေဘေးသင့်ပြည်သူစာရင်း အရေအတွက် အတိအကျကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးချေ။
“မြို့အောက်ဘက်ခြမ်း မြို့လယ်ရပ်၊ ကံသာရပ်၊ ဝင်းရပ်၊ နန်းပန်ရပ် အဲဒီအနောက်ဘက် ရွာတွေ အကုန်လုံးပဲ၊ အင်းထဲ လည်း ရေတော်တော်တက်နေတယ်။ လောလောဆယ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လှေ ၄ စီးနဲ့ပဲ လုပ်နိုင်သေး တယ်။ စက်လှေနဲ့ အစားအသောက်တွေ လိုအပ်ပါမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း မိုးကာနဲ့ အဝတ်အစား တွေ လိုပါတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ညောင်ရွှေမြို့၊ ကံသာရပ်ကွက်၊ မြို့မဈေးအနောက်ဘက် လမ်းမတော်လမ်းတွင် ရေအနက် ၁ ပေခွဲခန့်ကျော်လွန်ပြီး ကားများ သွားလာ၍မရကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အပြင် ရွှေညောင်၊ ရပ်စောက်၊ မိုင်းပွန်၊ နမ့်စန်နှင့် လွိုင်လင်မြို့များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးနေရ ကြောင်း သိရသည်။