
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ ကျော်ကို ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တစ်ဦး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ် ၁၁ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် (၈)၊ အင်ကြင်းလမ်းတွင် ကျော်လင်း (ခ) ကဒီမွတ်လာ မောင်းနှင်ပြီး စောလင်းထက် (ခ) ကိုထက် လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ တားဆီးစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စောလင်းထက် (ခ) ကိုထက်မှာ ထွက်ပြေးသွားပြီး ယာဉ်မောင်း ကျော်လင်း (ခ) ကဒီမွတ်လာ နှင့်အတူ မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၂၉၄ , ၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁ , ၄၇၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“တစ်ယောက်က ထွက်ပြေးသွားတာ မမိသေးပါဘူး။ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု လားရှိုးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ကျော်လင်း (ခ) ကဒီမွတ်လာနှင့် စောလင်းထက် (ခ) ကိုထက် တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ထွက်ပြေးတိမ်းရှောင်နေသူ စောလင်းထက် (ခ) ကိုထက် အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။