Voice of Myanmar

ပြန်ဖို့ ခက်၊ နေဖို့ ကြပ်နေတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ

နိုဝင်ဘာ ၁၂ – ၂၀၂၆

SN (VOM)

လက်ရှိ ပြည်တွင်းက နိုင်ငံခြားငွေကြေး ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ပြည်ပဝင်ငွေတွေ များစွာ လိုအပ်နေချိန် ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေအပေါ် အစိုးရက ဘဏ္ဍာရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ တင်းကျပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်လမ်းကြောင်းကနေ မိသားစုဆီ မဖြစ်မနေ ပြန်လွှဲရတာနဲ့ ၂ ရာခိုင်နှုန်း ဝင်ငွေအခွန် ပေးဆောင်နေရတာတွေပါ။ ပြည်ပရောက် မြန်မာလုပ်သားတွေကတော့ ဒီလို သတ်မှတ်ချက်တွေဟာ သူတို့အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခုလို့သာ ရှုမြင်နေကြပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြည်တွင်းပေါက်ဈေး ကွာဟချက်တွေ၊ တရားဝင် ငွေလွှဲနှုန်းထားတွေရဲ့ အဆင်မပြေမှုတွေက ပြည်ပရောက် အလုပ်သမားတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေတာပါ။ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ လတ်တလော ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အသစ်အရလည်း တရားဝင် လမ်းကြောင်းကနေ ငွေမလွှဲတာ၊ အခွန် မဆောင်တာတွေအတွက် ပြည်ပလုပ်သားတွေ မြန်မာပြည် ပြန်ရောက်လာချိန် ပြည်ပထွက်ခွင့် သုံးနှစ် ပိတ်ပင်မယ်လို့ သိရပါတယ်။ ဒါအပြင် တည်ဆဲဥပဒေတွေအရ ဝန်ခံကတိ ဖောက်ဖျက်မှုနဲ့ပါ အမှုဖွင့် အရေးယူခံရဦးမှာပါ။

ဒါကြောင့် အလုပ်သမားတွေဟာ အခွန်နဲ့ ဒဏ်ကြေးတွေကို မဖြစ်မနေ ပေးဆောင်ကြရဖို့ ဖြစ်လာပါတယ်။ ဒါမှသာ တဖက်မှာလည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် ရရှိမှာဖြစ်သလို အလုပ်သမားကတ် ဆက်လက် ကိုင်ဆောင်နိုင်ဖို့၊ ပြည်ပမှာ တရားဝင်လုပ်သားအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ အဆင်ပြေ ချောမွေ့နိုင်မှာပါ။

ဂျပန်နိုင်ငံရောက် မြန်မာလုပ်သား တယောက်က “အဓိကပြဿနာက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ‌ငွေလဲဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေး နှစ်ဆနီးပါး ကွာဟနေတာပဲ။ အလကားနေရင်း ငွေတွေ အလဟဿ ဆုံးရှုံးနေရတယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီပြဿနာကို အရင် ဖြေရှင်းပေးစေချင်တယ်။ ပြီးတော့ ဂျပန်မှာက နေထိုင်စရိတ်၊ စားစရိတ်တွေအပြင် ဂျပန်အစိုးရကို ပေးဆောင်နေရတဲ့ အခွန်တွေလည်း ရှိတယ်။ လုံးဝကို အဆင်မပြေတာ” လို့ ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပျက်ကွက်နေသူတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ သံရုံးတွေက ဒဏ်ကြေးအသီးသီး သတ်မှတ်ပြီး သက်တမ်းတိုး ပြုလုပ်ပေးနေတာပါ။ နှစ်နှစ်ကနေ ငါးနှစ်အတွင်း သက်တမ်းတိုး ပျက်ကွက်နေသူတွေကို ဒဏ်ကြေးနဲ့ သက်တမ်းတိုးခွင့် ပြုထားပါတယ်။

နိုင်ငံကူးလက်မှတ် ငါးနှစ်အထက် ကျော်လွန်သူတွေကတော့ သံရုံးမှာ သက်တမ်းတိုးခွင့် ရရှိတော့မှာမဟုတ်ဘဲ မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမှာပါ။ မြန်မာပြည် ပြန်နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံအသီးသီးအလိုက် သတ်မှတ်ထားတဲ့ တကြိမ်သုံး ခရီးသွားလက်မှတ် (Travel Document) နဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လျှောက်ထားရမယ်လို့ သံရုံးတွေက အသိပေးထားပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုး နှနှစ်အထက် ပျက်ကွက်နေသူတွေအတွက် ဒဏ်ကြေးတွေကိုလည်း နိုင်ငံအလိုက် သတ်မှတ်ထားပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဘတ် ၅၅၀ ၊ မလေးရှားနိုင်ငံက ရင်းဂစ် ၆၀ နဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့က အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာပါ။ ဩစတြေးလျနိုင်ငံရှိ နယူးဇီလန်နဲ့ ပါပူဝါနယူးဂီနီနိုင်ငံက ဩစတြေးလျဒေါ်လာ ၃၀ ၊ ဖိလစ်ပိုင်နိုင်ငံက ၁၅ ဒေါ်လာ၊ ဂျပန်နိုင်ငံ ယန်း ၃၅၀၀ သတ်မှတ်ထားပါတယ်။

သက်တမ်းလွန်ကာလ နှစ်နှစ်အထိကိုတော့ သံရုံးတွေက ဒဏ်ကြေး ကောက်ခံတာ မရှိဘူးလို့ သိရပါတယ်။ ဒါအပြင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားတ ၊ သက်တမ်းတိုးတာတွေအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ပါရှိမှသာ လျှောက်ထားခွင့်ပြုတဲ့ ကန့်သတ်ချက်လည်း ရှိနေပါတယ်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ ဝင်ငွေခွန် များစွာအပြင် စာအုပ်ဖိုးနဲ့ ပွဲစားခတွေ အပါအဝင် စုစုပေါင်း ငွေကြေး ကုန်ကျစရိတ် အလွန်များပြားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဝင်ငွေနည်းပါးတဲ့ အခြေခံ လုပ်သားတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

“ပတ်စ်ပို့ သက်တမ်းတိုးဖို့အတွက်က ကုန်ကျစရိတ် အရမ်းများတယ်။ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ လစာ ၂၅ ရာခိုင်နှုန်း သုံးလစာလည်း ပေးထားတဲ့ အထောက်အထားလည်း ပြရဦးမယ်။ ရတဲ့ဝင်ငွေနဲ့ မမျှတော့ တော်ရုံ ဘာမှ မလုပ်နိုင်ကြဘူး။ ရတဲ့လစာက ဒီမှာ နေစရိတ်၊ စားစရိတ်နဲ့ မနည်းလောက်အောင် သုံးနေရတာ။ အိမ်ကို ငွေပြန်မပို့နိုင်တဲ့ လတွေရှိတယ်။ ၂၅ ရာခိုင်နှုန်း အတင်းလွှဲခိုင်းတော့ မလွှဲနိုင်လို့ တချို့ဆို ချေးငှားပြီးပို့နေရတယ်။ ပေါက်ဈေးနဲ့ တရားဝင်နှုန်း မတူတော့ အများကြီး နစ်နာတယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

မြန်မာအစိုးရရဲ့ အခုလို လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်ရဲ့ အရန်ငွေကြေး (Foreign Reserve) ခန်းခြောက်လာတာကြောင့်လို့ ဘောဂဗေဒပညာရှင် တယောက်က ပြောပါတယ်။ ဒါကြောင့် နိုင်ငံ့ဘဏ္ဍာထဲကို နိုင်ငံခြားငွေ တိုက်ရိုက် ဝင်ရောက်လာစေဖို့ ရည်ရွယ်တာဖြစ်သလို နိုင်ငံတကာရောက် မြန်မာလုပ်သားတွေ ပေးပို့နေတဲ့၊ တရားဝင်မဟုတ်တဲ့ “ဟွန်ဒီ” လိုမျိုး ငွေလွှဲလမ်းကြောင်းတွေကိုပါ ဖြတ်တောက်လိုတာကြောင့်လို့ သူက ပြောပါတယ်။

“တကယ်တမ်း လုပ်ရမှာက အပြင်ဈေးနဲ့ အစိုးရဈေး ကွာဟနေတာကို ထိန်းညှိပေးရမှာ။ ကိုယ့်နိုင်ငံသားတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေကို အစိုးရတရပ်အနေနဲ့ လျစ်လျူမရှုစေချင်ဘူး။ အခွန်ဆောင်ရတာနဲ့ ပတ်သက်လို့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့လည်း နိုင်ငံသားတယောက်က သူ့အစိုးရကို အခွန်ဆောင်တာ ကောင်းပါတယ်။ နိုင်ငံအတွက် အကျိုးရှိနိုင်တဲ့ နေရာတွေမှာ သုံးလို့ရသွားတာပေါ့။ နိုင်ငံသား တယောက်အတွက်လည်း သူ့နိုင်ငံကို ပြန်ရောက်တဲ့အခါ အခွင့်အရေးကောင်းတွေ အများကြီး ရရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေအရ ပြည်သူလူထုက ယုံကြည်မှု အားနည်းနေတဲ့ အပိုင်းတွေရှိတယ်” လို့ ဘောဂဗေဒပညာရှင်က ပြောပါတယ်။

ဒါပေမယ့်လည်း ဥပဒေအရ အခွန်ဆောင်ထားမယ် ဆိုရင်တော့ ပတ်စ်ပို့ သက်တမ်းတိုးပြီး နိုင်ငံသားအဖြစ် အထောက်အထားပြခွင့် ရရှိနိုင်မယ်လို့ သူက ပြောပါတယ်။ အရေးပေါ်ပြဿနာတွေအတွက် သံရုံးရဲ့ အကူအညီကိုလည်း တောင်းခံနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြည်ပနိုင်ငံမှာ တရားဝင် နေထိုင်၊ အလုပ် လုပ်ကိုင်ခွင့်အတွက် အသိအမှတ်ပြု လက်မှတ်တွေလည်း ရရှိနိုင်သလို သံရုံးလုပ်ငန်းစဉ်တွေကိုလည်း အနှောင့်အယှက်ကင်းစွာ ဆောင်ရွက်ခွင့် ရနိုင်တယ်လို့ သူက ပြောပါတယ်။ လုပ်ငန်းခွင်ကိုလည်း မထိခိုက်နိုင်တဲ့အပြင် ပြည်တွင်းကို ပြန်ရောက်လာတဲ့အခါမှာလည်း အရေးယူခံရနိုင်တဲ့ အခြေအနေကနေ ကင်းဝေးနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း အခုလို တင်းကျပ်မှုတွေဟာ ပြည်ပရောက် မြန်မာလုပ်သားတွေအတွက် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက တရားမဝင် လမ်းကြောင်းတွေဆီကို ဦးတည်သွားစေနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။ နိုင်ငံကူးလက်မှတ်နဲ့ သတ်မှတ် အထောက်အထား ရရှိရေးအတွက်လည်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေတယ်လို့ ဆိုပါတယ်။

အခုလို ပြည်တွင်းကို နိုင်ငံခြားငွေတွေ ဝင်ရောက် စီးဆင်းစေရေးအတွက် ပြည်ပအလုပ်သမားတွေကို ဗဟိုပြု ကန့်သတ်ချက်တွေ ပြုလုပ်နေတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပိုမိုခက်ခဲတဲ့ ဘဝဒုက္ခတွေဆီကို တွန်းပို့နေသလို ဖြစ်နေတယ်လို့ ရှုမြင်ကြပါတယ်။ အလုပ်သမားတွေကတော့ အခုလို တင်းကျပ်မှုတွေနဲ့ ပတ်သက်လို့ သမမျှတမှုရှိတဲ့ ပြောင်းလဲမှု၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ဖို့ လိုလားနေကြပါတယ်။

Photo – CJ

မူရင်းသတင်း — Voice of Myanmar