NP News

ရက်ပေါင်း (၃၀၀)ကျော်အတွင်း စားသုံးသူနစ်နာဆုံးရှုံးများကြောင့် တိုင်ကြားသည့် အမှုပေါင်း (၄၆၂) မှုရှိ

စော (NP News)-နိုဝင်ဘာ ၁၂
ယခုနှစ် ၊ဇန်နဝါရီလမှ အောက်တိုဘာလအထိ စားသုံးသူနစ်နာဆုံးရှုံးများကြောင့် တိုင်ကြားသည့် အမှုပေါင်း (၄၆၂) မှုရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါတိုင်ကြားမှုများတွင် ကုန်စည်နှင့်ပတ်သက်၍ တိုင်ကြားမှု (၄၄) ခု၊ ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ တိုင်ကြားမှု (၄၁၈) ခု၊ စုစုပေါင်း (၄၆၂) ခုရှိခဲ့ပြီး ယင်းတို့အနက် (၄၂၆) ခုကို စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် (၁၀) လတာကာလ၊ ရက်ပိုင်း (၃၀၄)ရက်အတွင်း စားသုံးသူရေးရာဦးစီးဌာနသို့ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် တိုင်ကြားမှု (၂) ခုနှုန်း တိုင်ကြားမှုများခဲ့ကြောင်း သိရသည်။
အဆိုပါတိုင်ကြားမှုများအနက် ရန်ကုန်တိုင်းဒေသကြီးမှ (၃၀၂) ခုဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ (၆၄) ခုဖြင့် ဒုတိယအများဆုံး တိုင်ကြားခဲ့ကြောင်း သိရသည်။
ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ တိုင်ကြားမှု (၄၁၈) မှု အထိ ရှိသည့် အနက် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှု (၁၄၉) ခုဖြင့် အများဆုံးဖြစ်ပြီး အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်ကြားမှု (၈၈) ခုနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှု (၇၇) ခုရှိခဲ့ကြောင်း သိရသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စားသုံးသူတစ်ဦးက Wifi ဝန်ဆောင်မှု ဆင်မပြေခြင်းကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ဆက်သွယ်တိုင်ကြားလာသည့်အပေါ် ညှိနှိုင်းဖြေရှင်းပေးနိုင်ခဲ့ကြောင်း အောက်တိုဘာ (၂၂)ရက်က ထုတ်ပြန်ထားသည်။
တိုင်ကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ စာသုံးသူဘက်မှ တိုင်ကြားမှုများကို ချက်ချင်း စစ်ဆေး ဖြေရှင်းဆောင်ရွက်ပေးသည့်အတွက် ချီးကျူးမှုများရှိနေကြောင်း သိရသည်။
“ကျွန်တော့် အသိတစ်ယောက်ဆို သူ အဆင်မပြေရတာကို စားသုံးသူ ရေးရာ ဦးစီးဋ္ဌာနကို တိုင်တယ်။ သိပ်မကြာဘူး လုပ်ပေးတယ်ပေါ့နော်။ စစ်ဆေးပေးတယ်။ တော်တော်လေး မြန်တယ်လို့ ပြောလို့ ရတယ်” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။

မူရင်းသတင်း — NP News