
နိုဝင်ဘာ ၁၃ ၊ ၂၀၂၆ GG (VOM)
ရန်ကုန် – ပုဂံရထားခရီးစဥ်အတွက် ရထားလက်မှတ်ကို ဒီလနိုဝင်ဘာ ၁၄ ရက်ကစပြီး ORTP စနစ်နဲ့ အွန်လိုင်းကနေ ဝယ်ယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာ့မီးရထားဌာနကသိရပါတယ်။
လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရန်ကုန်ဘူတာကြီးကနေ ပုဂံကို ထွက်ခွာမယ့် ရန်ကုန် – ပုဂံ ခရီးစဥ်အတွက် စတင်ရောင်းချပေးမှာဖြစ်ပြီး တပတ်ကြိုတင်ပြီး လက်မှတ်ဖြတ်ရတာ ဖြစ်ပါတယ်။
” ၁၄ ရက်နေ့ ည ၁၂ နာရီကစပြီး လက်မှတ်ဝယ်လို့ရပါပြီ။ ၂၀ ရက်နေ့ထွက်မယ့် ခရီးစဥ်အတွက်ပါ။ “လို့ ORTP Call Center တာဝန်ကျဝန်ထမ်းက ဆိုပါတယ်။
ရထား လက်မှတ်စျေးနူန်းတွေအနေနဲ့ကတော့ လက်ရှိရောင်းချနေတဲ့ စျေးနူန်းတွေအတိုင်း မပြောင်းလဲသလို ရထားပြေးဆွဲတဲ့ ခရီးစဥ်ကလည်း မပြောင်းဘူးလို့ ကနဦးသိရပါတယ်။
” အဲကွန်းရထားအသစ်ပြေးဆွဲမှာ မဟုတ်ပါဘူး ။ ရှိပြီးသား ပြေးဆွဲနေတဲ့ ရထားခရီးစဥ်ကိုပဲ လက်မှတ် အွန်လိုင်းကနေ လက်မှတ်ဖြတ်လို့ရအောင်ဆောင်ရွက်တာပါ ။ ” လို့ မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူက ပြောပါတယ်။
ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူတဲ့အခါ ငွေပေးချေမှု Error တက်ခြင်း ၊ ခုံနေရာရွေးချယ်ရာမှာ ခက်ခဲခြင်း ၊ လက်မှတ်ဖိုးငွေဖြတ်သွား လက်မှတ် ဝယ်ယူမှု မအောင်မြင်ခြင်း စတဲ့ အဆင်မပြေမှုတွေ မဖြစ်အောင် အဆင့်မြှင့်တင်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန် – ပုဂံရထားလက်မှတ်ကို အွန်လိုင်းကနေဝယ်ယူနိုင်မယ်ဆိုပါက ဘူတာရုံကိုရက်ကြိုပြီး သွားရောက်တန်းစီဝယ်ရတဲ့ အခက်အခဲမရှိတော့တာကြောင့် ခရီးသွားတွေအတွက် အဆင်ပြေတဲ့အစီအစဥ်တခုဖြစ်ပါတယ်။
” ရွာကနေ ပုဂံဘူတာဆိုရင် တနာရီလောက်ကြာတယ်သွားရတာ။ ဟိုရောက်မှ လက်မှတ်မရရင် လှည့်ပြန်ရတာလည်းရှိတယ်။အခုရထားလက်မှတ်ကို အွန်လိုင်းကနေဖြတ်လို့ရရင် အဆင်ပြေသွားတာပေါ့။ဖြစ်နိုင်ရင် ပုဂံရထားကို တပတ်နှစ်ကြိမ်လောက်ဆွဲစေချင်တာ ။ ” လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
ရန်ကုန် – ပုဂံရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူဖို့ အခက်အခဲရှိသူတွေကတော့ သက်ဆိုင်ရာဘူတာအလိုက် လက်မှတ်အရောင်း တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပုဂံရထားကို ရန်ကုန် – ပြည် – အောင်လံ – ပုဂံ လမ်းကြောင်းကနေ ပြန်လည်ပြေးဆွဲနေရာ အပတ်စဥ် သောကြာနေ့ ညနေတိုင်း ရန်ကုန်ဘူတာက ထွက်ခွာပြီး ပုဂံဘူတာကနေ အင်္ဂါနေ့ညနေတိုင်း ထွက်ခွာပြေးဆွဲပေးနေပါတယ်။
ပုဂံရထားက သီတင်းကျွတ် ရုံးပိတ်ရက် ၊တန်ဆောင်တိုင် ၊ ဒီဇင်ဘာကျောင်းပိတ်ရက် ၊ ခရီးသွားရာသီ နဲ့ စနေတနင်္ဂနွေ ရက်တွေလောက်မှာသာ ရထားစီးနင်းသူများပြီး ကျန်တဲ့ကာလမှာ ရထားစီးနင်းသူနည်းတာကြောင့် ရထားခရီးချိန်ထပ်တိုးပြေးဆွဲဖို့ မရှိသေးကြောင်း သိရပါတယ်။
ဓာတ်ပုံ – CJ #Voiceofmyanmar #VOM #ပုဂံရထား #ရထားလက်မှတ် #အွန်လိုင်းကနေဖြတ်နိုင်ပြီ