Myanmar Digital News

YCTA အသင်းသို့ ဝင်ရောက်မှတ်ပုံတင်ခြင်း၊ CNG စတစ်ကာများကပ်ခြင်းတို့ ဆောင်ရွက်မှုမရှိသည့် စီအင်န်ဂျီ တက္ကစီယာဉ်များအား စီအင်န်ဂျီဝယ်ယူခွင့် ယာယီရုပ်သိမ်းမည်

ရန်ကုန် နိုဝင်ဘာ ၁၂

 

စီအင်န်ဂျီတက္ကစီယာဉ် (CNG Taxi) များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း(YCTA) အသင်းသို့ ဝင်ရောက်မှတ်ပုံတင်ခြင်းနှင့် စီအင်န်ဂျီ စတစ်ကာ(CNG Sticker)များကပ်ခြင်းကို ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်မှုမရှိသည့် ယာဉ်များအား ၂၀၂၇ ခုနှစ်  ဇန်နဝါရီ ၁ ရက်မှစတင်ကာ စီအင်န်ဂျီ (CNG) ဝယ်ယူခွင့် ယာယီရုပ်သိမ်းသွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှသာ စီအင်န်ဂျီဝယ်ယူခွင့်ကို ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရုံးချုပ်တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။ 

 

လက်ရှိတွင် YCTA အသင်းသို့ ဝင်ရောက်မှတ်ပုံတင်ခြင်းနှင့် စီအင်န်ဂျီစတစ်ကာများကပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် စီအင်န်ဂျီတက္ကစီ ယာဉ်ပေါင်း ၅၀၀၀ ကျော်ခန့်ရှိပြီဖြစ်ပြီး ဝင်ရောက်ရန် ယာဉ်များစွာကျန်ရှိနေသေးကြောင်း သိရသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှု ရှိစေရန်ရည်ရွယ်၍ စီအင်န်ဂျီယာဉ်များအတွက် မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့(CNG)ကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားဖြင့် စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

 

စီအင်န်ဂျီအသုံးပြုတက္ကစီယာဉ်များအား နိုင်ငံတော်မှ သက်သာသည့်နှုန်းထားများဖြင့် စီအင်န်ဂျီ ရောင်းချပေးထားသဖြင့် အခြားစက်သုံးဆီအသုံးပြု တက္ကစီယာဉ်များနည်းတူ ယာဉ်စီးခတောင်းခံမှု မရှိစေရေး ထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် စီအင်န်ဂျီအသုံးပြု တက္ကစီယာဉ်များအဖြစ် ကွဲပြားစွာသိရှိ နိုင်စေရေး MOGE နှင့် YCTA တို့ပူးပေါင်း၍ CNG Taxi ယာဉ်များ၏ ရှေ့လေကာမှန်နှင့် နောက်လေကာမှန်တို့တွင် CNG Taxi စာသားပါ အဝါရောင် စတစ်ကာများ တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) စင်းလုံးငှား ဌာန၏ နိုဝင်ဘာ ၉ ရက်အထိ မှတ်ပုံတင်စာရင်းအရ စီအင်န်ဂျီအသုံးပြုတက္ကစီ ၁၇၉၇၅ စီး၊ အောက်တိန်း အသုံးပြုတက္ကစီ ၃၃၂၅၆ စီး၊ ဒီဇယ်အသုံးပြုတက္ကစီ ၂၈၁၃ စီး၊ EV တက္ကစီ ၁၅၂၀ စုစုပေါင်း တက္ကစီအစီးရေ ၅၅၅၆၄ စီးရှိကြောင်း မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

ကိုထက်

မူရင်းသတင်း — Myanmar Digital News