NP News

မြန်မာ့အရေးနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံမှုမှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အလေးပေးပြောကြား

ALynn (NP News) - နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့်ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့် တက်ကြွစွာ ဆက်လက်ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်ကြောင်းနှင့် အာဆီယံ၏ ထိတွေ့ဆက်ဆံရေး ကြိုးပမ်းမှုများကိုအပြည့်အဝထောက်ခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (အရှေ့ပိုင်းရေးရာ) အတွင်းဝန် ရူဒြန်ဒရာ တန်ဒန်က နိုဝင်ဘာလ (၁၂ ရက်တွင် ပြောကြားလိုက်သည်။

နိုဝင်ဘာလ (၁၆) ရက်မှ (၁၈) ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့သို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ တက်ရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ နယူးဒေလီမြို့၌ ပြုလုပ်သော အထူးသတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား အထီးကျန်ဖြစ်စေရန် လုပ်ဆောင်ခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ကြောင်း ၎င်းက ပယ်ချခဲ့ပြီး စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးခြင်းသည်သာ အသင့်တော်ဆုံး နည်းလမ်းဖြစ်ကြောင်း ၎င်းကထောက်ပြခဲ့သည်။
“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ရပ်တည်ချက်က အမြဲတမ်း ရှင်းလင်းပါတယ်။ မြန်မာနိုင်ငံကို အထီးကျန်ထားတာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်တို့ အမြဲပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဘက်က မဆက်ဆံဘဲနေလိုက်ရင် တခြားသူတစ်ဦးဦးက အဲဒီနေရာလွတ်ကို ဝင်ယူသွားမှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် ထိတွေ့ဆက်ဆံမှုကလွဲပြီး အခြားရွေးချယ်စရာ မရှိပါဘူး။ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံရဲ့ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အခိုင်အမာထောက်ခံပါတယ်” ဟု အတွင်းဝန် ရူဒြန်ဒရာ တန်ဒန်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ရှုပ်ထွေးသော သမိုင်းကြောင်းနှင့် လူမှုအသိုက်အဝန်း ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး ထိတွေ့ဆက်ဆံရာတွင် "သည်းခံစိတ်ရှည်မှုနှင့် တသမတ်တည်းရှိမှု" တို့သည် အလွန်အရေးကြီးကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအစောပိုင်းကလည်း သမ္မတဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် နယူးဒေလီမြို့၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် ဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးမှုများ ဖော်ဆောင်ရေးတို့၏ အရေးပါပုံကိုလည်း ဝန်ကြီးချုပ် မိုဒီက အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News