
■ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
မြန်မာ-ထိုင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်၌ တရားဝင် ခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၂ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ်
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်နိုင်ငံဆက်ဆံရေးတွင် တိုးတက်မှုများ ဖြစ်ထွန်းနေသည့်အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍ၊ နှစ်နိုင်ငံအကြား ဆက်သွယ်ချိတ်ဆက်မှုကဏ္ဍ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကိစ္စအပါအဝင် နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များနှင့် အာဆီယံတွင် နှစ်နိုင်ငံနီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသွားမည့် အခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်နေမှု၊ ဈေးကွက်စီးပွားရေးစနစ်ဖော်ဆောင်နေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လမ်းကြောင်းအတိုင်း ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား အကာအကွယ်ပေးရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးတို့ကိုဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်သာမက အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍ ပြန်လည်ရရှိရေး ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးချဲ့ပေးအပ်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု အပါအဝင် အပြုသဘောဆောင် တိုးတက်မှုများကို အသိအမှတ်ပြုခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ မြစ်ရေညစ်ညမ်းမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စများ၊ စွမ်းအင်ကဏ္ဍ အပါအဝင် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ သွင်းကုန်ဆိုင်ရာကိစ္စရပ်များနှင့် ဆက်သွယ်ချိတ်ဆက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA) မှ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် လိုအပ်သည့်အစည်းအဝေးခန်းမသုံး ပရိဘောဂပစ္စည်းကိရိယာများကို ထောက်ပံ့ပေးသည့်အတွက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးထံ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းလွှာအားပေးအပ်ခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။