Myanmar Digital News

မြန်အောင်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီနှင့် ကြက်ဥများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မြန်အောင် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ် ကျဆင်းရေးကော်မတီနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ ရောင်းချပေးကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ် ကျဆင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းဝဏ္ဏထက်နှင့် အဖွဲ့၀င်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ (၈၂၀၀) ကျပ်နှုန်းနှင့် ကြက်ဥတစ်လုံးလျှင် (၄၅၀) ကျပ်ဖြင့် ကြက်ဥ (၄) လုံးတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရောင်းချပေးကြောင်း သိရသည်။

အဆိုပါ မြန်အောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံး ၄၄ ရုံးမှ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြင့် ဝန်ထမ်းများ၏ နေ့စဉ်စားဝတ်နေရေးအတွက် ကုန်ကျစရိတ်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ပြီး သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် အပတ်စဉ်ရောင်းချနိုင်ရေး မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News