
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ( PPRD) ၏ ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစာရင်းအရ စက်သုံးဆီအမျိုးအစားအားလုံး ၂၀၀ ကျပ်ဝန်းကျင်စီ ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။
အောက်တိန်း 92 နှင့် 95 ဈေးနှုန်းများမှာ ယခင်ရက်သတ္တပတ်ထက် ၂၃၅ ကျပ်မှ ၂၆၀ ကျပ်အထိ ဈေးနှုန်းကျဆင်း လာပြီး ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၁၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၀၅ ကျပ် ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
PPRD ၏ ယနေ့ နိုဝင်ဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ တောင်ကြီးမြို့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၄၄၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၄၄၇၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ၄၅၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၄၇၀ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။
“ဒီတစ်ပတ်တော့ ဆီဈေးက နည်းနည်းကျတယ်ပြောရမှာပေါ့။ ဈေးကျတာထက် အဓိက ကတော့ ဝယ်ရမခက်ဖို့ ပါပဲ။ တန်ဆောင်တိုင်ကာလဆိုရင် တစ်နိုင်ငံလုံးက ကားတွေလည်း တောင်ကြီးကို ဝင်လာကြမှာဆိုတော့ ဆီအခက်အခဲ ဖြစ်မှာ စိုးရိမ်ရပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
တန်ဆောင်တိုင်ပွဲတော်ကာလတွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွက် ပုံမှန် စက်သုံးဆီ ခွဲတမ်းအပြင် အရန်စက်သုံးဆီ ရရှိရေးကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူက ပြောဆိုထားသည်။
စက်သုံးဆီဈေးနှုန်းများမှာ အနည်းငယ် ကျဆင်းလာသော်လည်း မှောင်ခိုဈေးကွက်မှာ ဆက်လက်ရှိနေဆဲဖြစ်ကာ ပြင်ပမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် တစ်သောင်းကျော်အထိ ရောင်းချနေကြကြောင်း သိရသည်။