NP News

ကမာရွတ်နှင့် စမ်းချောင်းတို့တွင် ငွေကျပ် သိန်း (၃၀၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမျာ ဖမ်းဆီးရမိ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် သိန်း (၃၀၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဟံသာဝတီလမ်းတွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်က လမ်းလျှောက်လာသူ အောင်မြင့်(ခ)ကျားရီထံမှ ငွေကျပ် သိန်း (၉၀) တန်ဖိုးရှိ Happy Water (၁၅၀) ဂရမ်နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အောင်မြင့်(ခ)ကျားရီ နေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ နေအိမ်အတွင်းမှ ငွေကျပ် သိန်း (၂၂၀၂ ဒသမ ၆) တန်ဖိုးရှိ Happy Water (၃ ဒသမ ၆၇၁) ကီလိုနှင့် ငွေကျပ် သိန်း (၁၁၁၀) တန်ဖိုးရှိ ကတ်တမင်း (၁ ဒသမ ၈၅) ကီလို တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးမှာ သိန်း (၃၄၀၂ ဒသမ ၆) ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်မြင့်(ခ)ကျားရီ (၃၃)နှစ်ကို သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News