Myanmar Transparency News

ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ Happy Water နှင့် ကက်တမင်းအမျိုးအစား မူးယစ်ဆေးဝါးများ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ နေအိမ်တစ်ခုအတွင်းမှ ဖမ်းဆီးရမိ

၁၃.၁၁.၂၀၂၆
Written by Linn Eain
 
ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ Happy Water နှင့် ကက်တမင်းအမျိုးအစား မူးယစ်ဆေးဝါးများကို နိုဝင်ဘာ ၁၁ ရက်က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ နေအိမ်တစ်ခုအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဟံသာဝတီလမ်းတွင် လမ်းလျှောက်လာသူ အောင်မြင့်(ခ)ကျားရီအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁၅၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၀)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၃ ဒသမ ၆၇၁ ကီလို (ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၂၂၀၂ ဒသမ ၆ သိန်း)နှင့် ကက်တမင်းအလေးချိန် ၁ ဒသမ ၈၅ ကီလို (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၁၁၀)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
ထို့ကြောင့် အောင်မြင့်(ခ)ကျားရီ(၃၃)နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News