
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက လူနေအိမ်များအတွင်းသို့ ရေထပ်မံ ဝင်ရောက်နေလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက် အနိမ့်ပိုင်းနေရာများရှိ လူနေအိမ် များ၌ ရေများစွာ ထပ်မံဝင်ရောက်လာနေပြီး ရေဘေးသင့်ပြည်သူများအား တာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေးစခန်း များသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးခိုလှုံရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ထားသည့် ဗုဒ္ဓရာဇာ ဘုန်းတော်ကြီး ကျောင်းတွင်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုအား တပ်မတော်ဆေးတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ရေဘေး စစ်တမ်းကောက်ယူမှုအရ ရပ်ကွက် ၃ ခုရှိ ရေဘေးသင့် အိမ်ထောင်စု ၁၃၈ စုမှ လူဦးရေ ၅၇၇ ဦး ရှိနေကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများမှ ပြည်သူများအတွက် မြို့မိမြို့ဖအလှူရှင်များ ၊ လူမှုရေးအသင်းအဖွဲ့များမှ အမှတ် (၃) ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံတွင် ယာယီကွပ်ကဲရေး စခန်းဖွင့်လှစ် ဆောင်ရွက်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာနှင့် သောက်ရေသန့်များကို နေရာအလိုက်စနစ်တကျစီမံ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။