
ထိုက်စံ(NP News)-နိုဝင်ဘာ ၁၃
Online Scam Center များသည် အသိပညာနည်းပါးသူ၊ နည်းပညာအားနည်းသူ နှင့် လောဘစိတ်ရှိသူများကို အဓိကပစ်မှတ်ထားရှာဖွေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိပေးထုတ်ပြန်ထားချက်အရ သိရသည်။
အွန်လိုင်းလိမ်လည်မှုတွင် ဖမ်းဆီးရမိသူများအား စိစစ်ချက်များအရ ပစ်မှတ်ရွေးချယ်ခြင်းအပိုင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းအပိုင်းတွင် ၎င်းတို့သည် အသိပညာနည်းပါးသူ၊နည်းပညာအားနည်းသူ နှင့် လောဘစိတ်ရှိသူများကို အဓိကပစ်မှတ်ထားရှာဖွေလေ့ရှိကြောင်း၊ ပစ်မှတ်များအား ရွေးချယ်ပြီးနောက် ချဉ်းကပ်ရမည့်ပုံစံနှင့် လိမ်လည်ရမည့်ပုံစံအား ချမှတ်နိုင်ရန် ပစ်မှတ်၏ အသက်အရွယ်၊ ဝါသနာ၊ အလုပ်အကိုင်တို့အပေါ်မူတည်၍ ခွဲခြားသတ်မှတ်ပြီး ပစ်မှတ်ထားခံရသူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် ရင်းနှီးသောဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်းကြကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် ၎င်းတို့ ပစ်မှတ်၏ လူမှုအဆင့်အတန်း၊ အလုပ်အကိုင်၊ ဝါသနာနှင့် စိတ်ဝင်စားမှုများအပေါ်မူတည်၍ ၎င်းတို့၏ အယောင်ဆောင်ပုံစံကို သတ်မှတ် ကြကြောင်း၊ စစ်ဘက်၊ ရဲဘက်ဆိုင်ရာ ရာထူးအာဏာရှိသူများ၊ လုပ်ပိုင်ခွင့်ရရှိသူ အစိုးရ ဝန်ထမ်းများ၊ ငွေကြေးချမ်းသာကြွယ်ဝသည့် ကုမ္ပဏီပိုင်ရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် များ၊ ပညာတတ်လူတန်းစားများ၊ နည်းပညာကျွမ်းကျင်သူများ၊ ရုပ်ရည်ချောမောလှပသူ များ စသည်ဖြင့် အယောင်ဆောင်ကြကြောင်း၊ လိမ်လည်မည့် ဇာတ်ကောင်အပေါ်မူတည်၍ လိုအပ်သည့်ဓာတ်ပုံများ၊ အထောက်အထားစာရွက်စာတမ်းများ၊ လူနေမှုဘဝပုံစံများကို သဘာဝကျအောင် ကြိုတင်ဖန်တီးထားကြောင်း သိရသည်။
လောဘစိတ်ရှိသူများကို လိမ်လည်မှုအပိုင်းတွင် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း သွေးဆောင်စည်းရုံး ကာ အမြတ်အစွန်းများစွာ ရရှိနိုင်သည်ဟု ယုံကြည်အောင်ပြောဆိုကြကြောင်း သိရသည်။
ထို့ပြင် ကံစမ်းမဲ၊ ဆုကြေးငွေကို မက်လုံးပေး၍ လိမ်လည်မှုအနေဖြင့် ဖုန်းစာတို (SMS)၊ အီးမေးလ်(Email)နှင့် Viben Telegram စသည့် လူမှုကွန်ရက်နှင့် ဆက်သွယ်ရေး Application များကို အသုံးပြု၍ Website Link အတုများပေးပို့ကာ လိမ်လည်သည့် နည်းကိုလည်း ပြုလုပ်လေ့ရှိသည့်အပြင် အွန်လိုင်းမှတစ်ဆင့် လောင်းကစားဝါသနာပါသူများကို လိမ်လည်မှုအပိုင်းတွင် လူမှုကွန်ရက်များမှတစ်ဆင့် အွန်လိုင်းလောင်းကစားနှင့် ဂိမ်းပလက်ဖောင်းများကို ကြော်ငြာခြင်း၊ အနိုင်ရရှိနိုင်ခြေမြင့်မားကြောင်းနှင့် ငွေကြေးထည့်ဝင်ပါက အမြတ်အစွန်း များ ရရှိနိုင်ကြောင်း မက်လုံးပေးပြောဆိုခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်း မက်လုံးပေး၍ လိမ်လည်ရာတွင် အိမ်တွင်နေထိုင်ရင်း အလုပ် လုပ် လုပ်ကိုင်နိုင်ခြင်း၊ အချိန်ပိုင်းအလုပ်များဖြင့် ဝင်ငွေကောင်းစွာရရှိနိုင်ခြင်း၊ အထူး ကျွမ်းကျင်မှုနှင့် အတွေ့အကြုံမလိုအပ်ဘဲ လစာမြင့်မားစွာ ရရှိနိုင်ခြင်းစသည့် မက်လုံး ပေးကြော်ငြာမှုများဖြင့် ဆွဲဆောင်ကြပြီး ယခုနောက်ပိုင်းတွင် အဆင့်မြင့် AI နည်းပညာများကို အထောက်အကူ ပြု ကိရိယာတစ်ခုအဖြစ် အသုံးချလာကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် နယ်စပ်ဒေသရှိ သောင်းကျန်းသူအဖွဲ့များ အခြေပြုသည့် ဥပဒေကင်းလွတ်ရာ နယ်မြေများတွင် အဓိကအခြေပြု များ၊ လုပ်ကိုင်လေ့ရှိသည်ကို တွေ့ရှိရကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သော ရာဇဝတ်မှုခင်းများ ဖြစ်သည့်အပြင် ၎င်း ရာဇဝတ်မှုများသည် လူအများစုအပေါ် ကျူးလွန်သောရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေကြောင်း၊ လိမ်လည်သူများအနေဖြင့် လိမ်လည်ခြင်းများ ပြုလုပ်ရာ၌ ပစ်မှတ်များ၏ ပညာအရည်အချင်းနည်းပါးမှု၊ အသိပညာ ခေါင်းပါးမှု၊ နည်းပညာမကျွမ်းကျင်မှုနှင့် အမြတ်အစွန်းရလိုသည့် လောဘစိတ်တို့ အပေါ်မူတည်၍ လိမ်လည်နည်းများကို ပေါင်းစပ်အသုံးပြုလေ့ရှိသည်ကို စစ်ဆေးတွေ့ရှိ ရကြောင်း သက်ဆိုင်ရာမှ အသိပေးထုတ်ပြန်ထားသည်။
