Myanmar Digital News

ဂါဇာဆေးရုံကို အစ္စရေးတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံး

နိုဝင်ဘာ ၁၃

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ဆေးရုံတစ်ရုံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးတပ်မတော်က ပြောကြားခဲ့သည်။

အဆိုပါဆေးရုံ၏ ခွဲစိတ်ခန်းအဆောက်အအုံကို တိုက်ခိုက်မှုတွင် လူခြောက်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေးတပ်မတော်၏ပြောကြားချက်အရ နာဆာဆေးရုံအတွင်းတွင် ဟားမတ်စ်အဖွဲ့မှ အဆင့်မြင့် အကြမ်းဖက်သမားတစ်ဦးနှင့် အခြားအကြမ်းဖက်သမားများ လှုပ်ရှားဆောင်ရွက်နေခဲ့ကြောင်းနှင့် ဟားမတ်စ်အဖွဲ့သည် ဆေးရုံဝင်းအတွင်း၌ လက်နက်များ သိုလှောင်ထားပြီး ဆေးရုံအတွင်းမှပင် စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးကွပ်ကဲရေးခန်းများကို ဖွင့်လှစ်အသုံးပြုနေခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဆေးရုံသည် ဂါဇာတောင်ပိုင်းရှိ အကြီးဆုံးဆေးဘက်ဆိုင်ရာဌာနများအနက် တစ်ခုဖြစ်ပြီး ယခင်ကလည်း အစ္စရေး၏တိုက်ခိုက်မှုကို ခံခဲ့ရဖူးသည်ဟု သိရသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။ နှစ်နှစ်အကြာတွင် ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်ခဲ့သည်။ သို့ရာတွင် သဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့က ချိုးဖောက်ခဲ့သည်ဟု ပြောဆိုကာ အစ္စရေးတပ်မတော်သည် တိုက်ခိုက်မှုများကို ရံဖန်ရံခါ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News