Eleven Media Group

အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား လောင်စာဆီမျှဝေနိုင်ရန် ပူးတွဲဆီသိုလှောင်စနစ်ကို ၂၀၂၇ ခုနှစ်တွင် စတင်မည်

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အရေးပေါ်အခြေအနေများတွင် လောင်စာဆီများ အချင်းချင်းမျှဝေသုံးစွဲနိုင်ရန် လောင်စာဆီ ပူးတွဲသိုလှောင်ထားရှိရေးစနစ်ကို ၂၀၂၇ ခုနှစ်အတွင်း အစောဆုံးစတင်နိုင်ရန် စီစဉ်နေကြောင်း ဂျပန်စီးပွားရေးသတင်းစာ Nikkei က နိုဝင်ဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါစနစ်အတွက် လောင်စာဆီသိုလှောင်ရုံများကို အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ထားရှိရန် စီစဉ်ထားသည်။ အစပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အရေးပေါ်အခြေအနေများတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ သိုလှောင်ထားသည့် ဒီဇယ်နှင့်ဓာတ်ဆီများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံပိုင် ရေနံကုမ္ပဏီ PNOC နှင့် ဆက်စပ်သည့် ကုမ္ပဏီများက အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံရှိ လောင်စာဆီသိုလှောင်ရုံ လုပ်ကိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည့်စာချွန်လွှာများကို နိုဝင်ဘာ ၁၄ ရက်တွင် လက်မှတ်ရေးထိုးဖွယ်ရှိသည်။

ထိုစနစ်တွင် လက်မှတ်စနစ်ကို အသုံးပြုမည်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ သို့မဟုတ် ကုမ္ပဏီများက အရေးပေါ်အခြေအနေ ကြုံလာချိန်တွင် အခြားနိုင်ငံရှိ ကုမ္ပဏီများက သိုလှောင်ထားသည့် လောင်စာဆီပမာဏတစ်ခုကို ဝယ်ယူခွင့်ရရှိရန် ကြိုတင်အခကြေးငွေ ပေးချေထားရမည်ဖြစ်သည်။

အာဆီယံနှင့်အရှေ့အာရှ စီးပွားရေးသုတေသန အင်စတီကျု (ERIA) က ဦးဆောင်သည့် အစီအစဉ်ဖြစ်ပြီး ထိုစနစ်ကို ဥရောပသမဂ္ဂတွင်လည်း အသုံးပြုနေသည်။ ERIA ဆိုသည်မှာ ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက အင်ဒိုနီးရှားနိုင်ငံတွင် တည်ထောင်ခဲ့သည့် နိုင်ငံတကာ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သည်။

လာအိုနှင့် အရှေ့တီမောတို့ကလည်း အစီအစဉ်တွင် ပါဝင်ရန် စဉ်းစားနေကြသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးသို့ ထိုစနစ်ကို တိုးချဲ့နိုင်သည့်အပြင် ရေနံစိမ်းသိုလှောင်မှုနှင့် ဝယ်ယူခွင့်များအထိ တိုးချဲ့သွားနိုင်ကြောင်း Nikkei သတင်းအရ သိရသည်။

Source: Reuters

မူရင်းသတင်း — Eleven Media Group